Saturday, November 23, 2024

လူတစ်ယောက်ကို မေ့ဖို့ လုပ်ဆောင်ပုံ အဆင့်ဆင့်

ဘာသာစကားတွေ ရောထွေးနေတဲ့ မနက်ခင်းတွေ နံကြားတွေက တဆင့်ဝင်လာတယ် 
ငါတို့ နှုတ်ဆက်ရမယ်ဆိုတဲ့ လေတိုးဝှေ့သံက တိုးတိုးလေး အစပိုင်းတော့ အချိန်ပြည့် 
နင့်ကိုတွေ့နေမှပေါ့ စိတ်ပျက်စရာလို့ တွေးလာမိအောင် မပြတ်တမ်း ကြည့်နေမိတဲ့ 
ကြယ်တွေ ဘောင်ခတ်ထားတုန်းပဲလား ငါ့အကြောင်း ဘာမှမရှိတဲ့ နာကျင်ဖွယ် အမှတ်တရတွေ 
လူတစ်ယောက်ရဲ့ စကားတွေဟာ ငြင်းဆန်ခြင်းမဲ့ ဗလာအတိတ်တွေ စိတ်ရှုပ်ရလွန်းလို့ 
ဖျက်ချလိုက်တဲ့ ဆေးလုံးတွေ ငါ့ကို လုံးဝမထည့်ထားခဲ့တဲ့ ပုံပြင်တစ်ပုဒ် မိုးရွာနေတဲ့ ညတွေမှာ 
နာကျင်နေတဲ့ စာရွက်အပိုင်းအစတွေ မနက်ဖြန်တွေဟာ ပြာကျသွားတဲ့ အနံ့အသက်တွေ ရလာ 
ဖြေဆိုမှု့မဲ့ အခြားတစ်ဘက်က ဖုန်းခေါ်သံတွေ နားထောင်ဖို့ ကြိုးစားနေဆဲ
My immortal ဟာ သေသွားတဲ့ သီချင်းတစ်ပုဒ် နံရံ မျက်နှာကျက် ပြတင်း အပြုံးတချို့ 
အီမိုဂျီအသစ်တွေနဲ့ အရေပြားထဲက မျှော်လင့်ခြင်းအသေတွေ ဒဏ်ရာလို့ခေါ်ရင် 
အရာရာ ဘာမှမရှိတော့ရင်တောင် နှုတ်ခမ်းတွေရဲ့ အိပ်မက်ကတစ်ဆင့် 
ပို့နေဆဲ စာတိုအချို့ ပျောက်ကွယ်ပြီး ဘာမှ ဖြစ်လာဖို့မရှိတဲ့ ဝေးကွာခြင်း 
နောက် လည်း နင့်ကိုချစ်တာပဲဆိုတဲ့ စိတ်တစ်ခုနဲ့ နင့်ကို ဆက်ချစ်နေအုံးမှာပါ.. 
 
မြေနံ့
 
 
 
 
 

ဆု

အသက်တွေ ကြီးလာတာကလည်း
မျက်ရည်လွယ်ဖို့ 
အကြောင်းပြချက်တစ်ခုလို 
အကြိုက်ရဆုံး ဂိမ်းကိုပြောပါဆို
...................... သီချင်းကို 
မငိုမိပဲ နားထောင်ဖို့ 
ဘယ်နှစ်ခေါက် ကြိုးစားရလဲပေါ့ 
ဘာမှ နာကျင်စရာ မကျန်တော့ဘူးလို့ 
ထင်ထားနေချိန်မှာတောင်
နာကျင်နေရတာ
လျှောက်ခဲ့ဖူးတဲ့ လမ်းအချို့မှာ
ပြန်ရှိနေနိုင်အုံးမလား
အရာရာ အဆုံးသတ်လိုက်ရတဲ့
စကားရဲ့ ခံစားမှု့နဲ့
ဘာကို လွမ်းနေမိလဲ မသိချင်တော့
Time pushed me to the edge
But jump was my decision*
ညတွေဟာ ပြန်ဆုံနေတဲ့ အိပ်မက်တွေနဲ့ 
ကြောက်စရာ ကောင်းလာတယ် 
နင်ထားခဲ့သမျှကို နားမလည်နိုင်ပေမယ့်
နင့်ကိုတော့ နားလည်ပေးပါတယ် .. ။
 
သီချင်းစာသား*
 
မြေနံ့
 

ကြယ်တွေလို Pain Killer တွေ

တစ်နေရာထဲက မဟုတ်ပဲ
အရာများစွာတွေ နာကျင်ကြတဲ့အခါ
ဘယ်နာကျင်မှု့ကို အရင်သက်သာသွားဖို့
မျှော်လင့်ရမလဲ
နေမကောင်းတဲ့သူရဲ့ မျက်လုံးတွေဟာ
ဘာကိုမဆို မြင်ရမှာ သိပ်ကြောက်နေခဲ့ပြီး
လူတစ်ယောက်မှာ မအောင်မြင်ခဲ့တဲ့
suicide တွေ ဘယ်နှစ်ခုရှိနေနိုင်လဲ
suicide တွေဟာ 
ရုတ်တရက်ကြီးထဖြစ်တာလား
သေချာကြိုတင် ကြံစည်ထားခြင်းတွေလား
ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့ 
အကြောင်းရင်း အသစ်တွေလည်း တွေ့လာရတယ်
မနက်ဖြန်ကို ဘယ်လိုရှင်သန်ရမလဲဆိုတဲ့ 
အတွေးတွေနဲ့ အိပ်စက်ရတဲ့ညတွေ
တကယ်ပဲ ရှင်သန်ခြင်းဟာ လုံလောက်နေခဲ့ပြီလား
တိတ်ဆိတ်ရတဲ့ အကြောင်းတွေ
မရေးရတော့မယ့်နေ့ဟာ
တစ်ခေါက်ပြီးတစ်ခေါက်ပြန်လာနေတဲ့
ခါးသက်မှု့တွေနဲ့  
Pain Killer တွေဟာ ကြယ်တွေလို ..။
 
မြေနံ့
 

Date တွေနဲ့ နေတာမျိုး ငါလည်းအရင်ကအရမ်း လုပ်ခဲ့ဖူးတယ်

လူတွေကို ဆေးနာမည်တွေနဲ့
တွဲမှတ်ထားကြည့်တာ
တကယ်တော့ နာကျင်ရတာမကောင်းဘူး
တခြားတစ်ယောက်ကို ထိခိုက်လိုက်ဖို့
သွေးဆူလွန်းသလိုဖြစ်ဖြစ်နေတာ
ဒီရက်ပိုင်းထဲ ပြဿနာတွေများနေတာ
ဘယ်ဘက်လက်နဲ့ ညာဘက်လက် မတူတော့တာ
အအေးပတ်နေတာ
-ီးပဲလို့ ဘယ်သူ့ကိုမဆို
အကြောင်းပြချက်မရှိ ဆဲချင်နေတာ
ငါနေချင်တဲ့နေရာက အိမ်ဈေးတွေ
Google မိနေတာ
သီချင်းတွေထဲကလိုမျိုးပေါ့
သူပြန်လာမလားလို့ တံခါးဖွင့်သံကို
စိတ်ကူးယဉ်နေတာ
လူတွေဟာ ငါ့ဆီက တစ်ခုခုလိုချင်မှ
ငါ့ကို စကားစ/လာ ပြောကြတာလို့
တွေးမိနေတာ
သိလား ငါသက်တောင့်သက်သာ မရှိပဲ
နေဖြစ်တဲ့ နှစ်တွေများနေပြီဆိုတာ
I'm Home ဆိုတာလေးကို
သဘောကျလွန်းလို့
ခေါက်ခေါက်အခါခါ နားထောင်မိနေတာ
တခါတလေတော့ ဘယ်လိုမှလုပ်မရတာ
အားလုံးမေ့လို့ရရင် တကယ်ပဲ
ပျော်စရာကြီးလား ဆိုတာ
 
နောက်ဆုံးလို့ပြောပြီး အိပ်မက်ဖြစ်သွားတာပဲ..။
 
မြေနံ့

ရှေ့မှတ်တိုင်

ဒီနေ့ဟာ ဒီနေ့မဟုတ်ပဲ
မနေ့ကများလားလို့ ငါစဉ်းစားမိ
ငါကြားဖူးတဲ့ အသံတွေက ကြားနေကျနေရာမှာ
ပေါပေါများများတွေ ငါမထုတ်လုပ်ဖြစ်
တနင်္လာနေ့တိုင်း ဒီအပတ်တော့
ကြောက်/မကြောက်ချင်ယောင်
ဆောင်နေရတဲ့ တစ်ခုခုဖြစ်ဖို့
Band ရဲ့ သီချင်းသစ် တိုင်းကို
အဆိုတော်ဟောင်းအသံနဲ့စိတ်ကူးယဉ်နေသလို
ငါ့ ယားယံမှု့တွေကို တစ်ယောက်ယောက်
ချောင်းကြည့်ဖို့ကြိုးစားနေတော့
တိတ်တိတ်လေးနေလည်း မိမှာပဲမလား
အရာရာဟာ ကောင်းဖို့ဖြစ်လာတယ်လို့
လူတစ်ယောက်ဟာ
ဘယ်ချိန်ထိ တွေးနိုင်မှာလဲပြော
နင်က အရင် ကျူးလွန်ခဲ့သမျှတွေက
ငါအတွက် ဘယ်လိုမျက်ရည် ဖြစ်တာလဲဆိုတာ
တွေးမရတော့ Account log in ဝင်ရင်တောင်
ငါဟာ Remember me ကို ဖြုတ်ရမှ
တိတ်ဆိတ်လွန်းလှတဲ့ မျက်လုံးပုံစံတွေ
အရမ်းဝါဿနာပါရတဲ့
မြင်ကွင်းတွေ စာရွက်တွေထဲ ဝှက်ရင်း
ကောင်းကင်တွေငြိမ်နေသလောက်
လှုပ်ရှားလွန်းနေတဲ့ ညနေက သွေးထဲမှာ
တင်းကျပ်နေတဲ့ကြိုးတွေခံစားသလို
ရှေ့မှတ်တိုင်ဆို တစ်နေရာလောက်တော့
ငါ့အတွက်ချန်ထားကွာ လို့
ငါစိတ်ကူးနေအုံးမလား..။
 
မြေနံ့

နေရာတကာမှာ စက္ကူပန်းတွေ

Past tense တွေက လေးလံမှု့တွေ
သယ်ဆောင်လာတယ်
မျက်နှာတွေကိုကျော်ပြီး အရိပ်တွေရှာရခြင်း
မင်းလက်ချောင်းလေးတွေကို
ဝေးကွာရခြင်းတွေ ရေတွက်လို့မရတော့
မေ့ထားရတာ တစ်နေရာရာမှာ 
အသားကျသွားသလို နေလိုက်ရတာ
မနာကျင်စေမယ့် စကားလုံးတွေ ငါ့မှာမရှိတော့
မင်းရယ်သံတွေကိုမေ့ဖို့
ငါဖြတ်သန်းရအုံးမယ့် အမှောင်တွေ
ပေါ့ပါးသွားတာ ဘာမှမရှိတော့တာ
အဓိပ္ပါယ်တွေကော မျှော်လင့်ချက်တွေကော
တကယ်တော့ လွတ်မြောက်မသွားခဲ့ဘူး
ခံနိုင်တာထက်ပိုပြီး မင်းကိုအိပ်မက်ထဲ
ခေါ်ထားမိတဲ့ ငါ့ရဲ့စိတ်အမှားတွေလို
မြင်နေရရုံနဲ့ လိုလားမိခဲ့တဲ့ ဒဏ်ရာတွေပေါ့
မနာကျင်ရတာက ပိုကြောက်ဖို့ ကောင်းလာတော့
ဒီနာကျင်မှု့ထဲကို ရသလောက် ဆက်သွားဖို့
လေယာဉ်ပျံတွေကို မုန်းရတဲ့ ငါ့ရဲ့ယိုယွင်းမှု့တွေဟာ
မင်းဖြစ်စေချင်သလို ဖြစ်နေတာပဲ
ဒါတွေကိုကြည့်နေရတာ မင်းပျော်နေတယ်လို့
ငါ ယုံပြီးပဲထားလိုက်တော့တယ်
 
မြေနံ့
 
 

စနေနေ့မှာပျှော်ရွှင်စရာ

မင်းအနားကို ဆက်ကပ်နေဖို့ ဘာမြင်ကွင်းမှ ထပ်မရှိတော့
မင်းရဲ့အခန်းနံရံတွေကို မျှော်လင့်ခြင်းက ဖျက်ချခံရ
လူတစ်ယောက်ဟာ ညနေတွေနဲ့​ဝေးအောင် ဘယ်လိုနေရမလဲ
ခြေစုံရပ်လိုက်တိုင်းမှာ မြေပြင်ဟာ လှုပ်ခါနေတယ်
အဲ့ နှုတ်ခမ်းတွေဟာ suicide note လိုမျိုး လှပပြီး
တစ်ယောက်ယောက်များ တစ်ခုခုပြောမလား ဝေဝါးနေတဲ့
အစိမ်းရောင်လမ်းတစ်ခုလို
နားထောင်ရင်းနဲ့ရပ်ပစ်လိုက်ရတဲ့ သီချင်း
ဘာလို့ဒီမြို့က စက္ကူပန်းတွေများရတာလဲ
အသက်ဓာတ်ဆက်ရုံ ကိုယ့်ကိုကိုယ် လှည့်ဖြားနေရတဲ့
အိပ်မက်တွေ သူ့သဘောအရ လင်းနေတဲ့
မနက်တစ်ခုသာသာ လွမ်းဆွတ်ခြင်း
သက်ဆိုင်မနေတဲ့ တိမ်တိုက်တွေကို
လက်လွှတ်လိုက်တဲ့ ရယ်မောမှု့လား
မင်း အထီးမကျန်တော့မယ့် နေ့လည်စာ စားချိန်တွေလို
မင်းဆီကနေထွက်ခွာဖို့ ငိုင်သွားရတဲ့ ပြတင်းတွေနဲ့
ငါမဟုတ်ခဲ့ ငါမဖြစ်ခဲ့ရတဲ့
မင်းရဲ့ ညတွေကို ကယ်တင်ခြင်းက
နေမကောင်းလိုက်ဖို့ လုံလောက်တဲ့မီးခိုးတွေပါပဲ
ဘယ်လို တိတ်ဆိတ်လိုက်ရမလဲ
နားလည်ရခြင်းနဲ့ မသိလိုက်ရတော့တဲ့
ထုံကျင်စကားလုံးတွေ
ကိုယ်ခန္ဓာ တစ်နေရာရာက နာကျင်နေမှပဲ
ငါ့စိတ်တွေက နေသာထိုင်သာရှိတော့တယ်
ဒီစာကြောင်းလို မျက်ရည်မျိုးဟာ
ငါ့ဆီမှာ အထပ်ထပ်အခါခါ
 
မြေနံ့
 

အိပ်မက်လို မိုးရေစက်တွေ

အရာရာဟာ ငါ့ စိတ် ကယောင်ခြောက်ခြားဖြစ်မှု့တွေကပဲ စခဲ့တာ တခြားသူနဲ့မျှဝေနေတဲ့ မင်းရဲ့ကောင်းကင်ကို လောဘတက်ခဲ့သလို တခြားသူဆီ မင်းသီဆိုနေတဲ့ သီချင်းတွေကို ငါ့ဘက်လို့ထင်မှားမိတာ သက်ဆိုင်သူရှိတဲ့ မင်းရဲ့ ပြတင်းမြင်ကွင်းတွေကို တိတ်တိတ်လေး သာယာမိပြီး ငါ့အတွက်မဟုတ်တဲ့ မင်းရဲ့စာသားတွေကို အရူးတစ်ယောက်လို ဘာသာပြန်မိတာ သူပျော်လို့ မင်းပျော်တဲ့အခါ ငါလိုက်ပျော်ရပြီး သူမရှိလို့ မင်းမပြုံးတော့တဲ့အခါ ငါ့မှာသွားစရာမဲ့ရသလိုမျိုး သူတစ်ခုခုဖြစ်ရင် ငါသေမှာဆိုတဲ့ မင်းစကားမှာ ငါတိတ်ဆိတ်ခဲ့ရပုံတွေကို ငါမေ့ချင်ယောင်ဆောင်ခဲ့မိတယ် ငါ့နောက်ကို ညနေတွေ အဆက်မပြတ်လိုက်လာနေတဲ့ အိပ်မက်ဆိုးတွေ လေလွင့်လူသီချင်းက ပုံမှန်ထက်ပိုဝမ်းနည်းစရာကောင်းလာတယ် မင်းကိုပြောမယ့် စကားတွေငါ့ဆီမှာ ငြိမ်သွားရတာပါပဲ မင်းထွက်ခွါသွားပုံဟာ အလှဆုံးပန်းချီကားအဖြစ်နဲ့ ငါ့ဆီမှာအမြဲချိတ်ဆွဲထားပြီး အခေါက်ခေါက်အခါခါငါပြိုလဲချင်ပေမယ့် စိတ်ပျောက်သူတစ်ယောက်အဖြစ်နဲ့ပဲ ငါ့နာကျင်မှု့ကို ငါသိုဝှက်ထားပုံက အထိတ်လန့်ရဆုံး ဆာလောင်မှု့တွေလို မင်းရဲ့ရင်ထဲဘာမှမဟုတ်တဲ့ ငါက မင်းရဲ့အရာရာကို မော်ကြည့်ဖို့ ဘယ်လိုများတွေးမလဲ ငါဘာမှ မတတ်နိုင်ခဲ့..

မိုးရွာနေတဲ့ညတွေကို ဆွဲပိတ်လိုက်ရတာပါပဲ..

မြေနံ့

 

 

ငါ့ရဲ့ ကြယ်တွေ

 
စုဆောင်းထားတဲ့ညနေတွေ မင်းကိုခေါ်ပြ/ထား လို့မရတော့တဲ့
ပြောပြချင်နေတဲ့ စကားတွေ ပြန်မြိုချနေရမယ့်
ဝရန်တာ အဟောင်းတစ်ခု
တခါတလေ သတိရမယ် တခါတလေ ရွံရှာမယ်
တခါတလေ မေ့နေမယ်
တခါတလေ ဒီဘဝ ဒီလောက်ပဲလို့ တွေးမယ်
ခက်တာက မင်းအသံတွေက နွေးထွေးစွာ
ငါ့ဆီကိုရောက်တိုင်း ပျော်နေမိတဲ့စိတ်တွေကို ပိတ်ဖြစ်လိုက်ဖို့
မင်းကဗျာတွေထဲ ငါအရမ်းရှိချင်နေခဲ့ဖူးတာ
အဲ့ညတုန်းက မင်းလက်လေးကို ငါဆုပ်ကိုင်ထားခဲ့မိသင့်တာ
သူများတွေပြောကြသလို နောက်ဘဝတွေ
ရေစက်တွေဆိုတာ တကယ်ဆိုရင်တော့
တစ်ချိန်မှာ မင်းနဲ့အတူ ကြယ်တွေကြည့်ဖြစ်မယ်
အဲ့လောက်ဆိုရပါပြီ...
 
မြေနံ့
 

ငါဘာမှမပေးနိုင်ရင်တောင် လိပ်ပြာတွေရသွားတဲ့ နံရံတချို့

 
တစ်ယောက်ယောက်ကို ဆံပင်တွေပေးလိုက်ဖို့ဆိုတာ
ထင်ထားသလောက်မလွယ်ကူခဲ့ဘူး
ဓာတ်ပုံထဲကို ရယ်သံနည်းနည်းဖြည့်ဖို့
နေလုံးကြီးနဲ့အတူ အောက်အထိ
လိုက်ဆင်းသွားချင်တဲ့ သီချင်းသံ
ပင်လယ်တစ်ခုလုံး ရင်ဘတ်ထဲ
ထည့်ထားတဲ့အခါ မောရတာပါပဲ
အရင်လိုရှင်သန်မှု့က ချိုသော ကော်ဖီနံ့များနဲ့
ဒီဇင်ဘာ အမာရွတ်တွေများတဲ့သစ်ရွက်တွေ
တချို့ဖိနပ်တွေမှာ ခြေထောက်မရှိ
ငါ့နိုင်ငံဟာ ငါ့ကိုကြည့်နေဆဲလား
မျက်လုံးတွေကိုဝါးလိုက်မယ်ဆိုရင်
လမ်းမီးတွေဟာ အိမ်ပြန်နေတဲ့ ဝိညာဉ်တွေလို့
တစ်ခုခု ပြောမှဖြစ်မယ် တွေးပြီး
ငါ့အိပ်မက်တွေထဲ ဝင်လာချင်နေဆဲ
အတိတ်က ဘီဒိုထဲမှာ ခွေခေါက်နေတဲ့
မနက်တွေမရှိတော့သလို ညတွေ
ဘာကြောင့် နင်ကငါရဲ့ only exception ဆိုတာ
ပြတင်းပေါက်ကနေ စကားပြောတဲ့ မိုးစက်တွေထဲ
ငါ့အစိတ်အပိုင်းအချို့ ခုန်ဆင်းသွားကြတယ်/ပြီး
တစ်နေရာကို ရောက်သွားကြသလိုမျိုး
ကျန်ခဲ့သမျှ ပျော်စရာပါပဲ
 
မြေနံ့

လွန်ခဲ့တဲ့နှစ်နှစ်ကလည်း ဒီလိုအချိန်မှာ မိုးတွေရွာ

 
၁ တစ်ယောက်ယောက်နဲ့တစ်ခုခုမပြောခင် Google ကြည့်တာ
 
၂ ပုံတစ်ပုံကိုမြင်ရတဲ့အခါ ကိုယ့်စိတ်ထဲ ရောက်လာတဲ့ စကားတွေကို လူတွေကိုပြောဖို့
 
၃ မှတ်ဉာဏ် ကောင်းလွန်းမှန်း လူတွေမသိအောင် ကြိုးစားနေထိုင်ခဲ့တဲ့နှစ်တွေ
 
၄ နာကျင်မှု့ကို အချိန်ဆွဲထားဖို့ ဘယ် Pain Killer က ဘယ်နှစ်နာရီ ကူညီတယ်ဆိုတာ
 
၅ ဒါမှမဟုတ် Pain Killer ဘယ်နှစ်လုံးလောက် ဆက်တိုက်သောက်မှ မနာကျင်တော့မှာလဲ
 
၆ ဆက်ပြောရရင် နာကျင်မှု့ကို ဆရာဝန်ဆီ ဘယ်နှစ်ခေါက်နေမှ အမှန်အတိုင်းပြောဖြစ်တော့
 
၇ လူတစ်ယောက်ပြန်လာဖို့ လိုအပ်တာတွေက
 
၈ Only love can hurt like this အခုကြားနေရတဲ့ သီချင်းသံ
 
မြေနံ့

မင်းမရှိပဲ နေလို့ရမယ့် နည်းလမ်းကို ငါတွေ့ရှိသွားတာက

 
လူတွေကြောက်နေတာကို ကြည့်ရတာသဘောကျ
ကြောက်ပြီး ယုတ်မာတာတွေ မြင်ရမှာလည်း
တွေးပျော်မိ
 
လွန်ခဲ့တဲ့နှစ်တွေက နာကျင်မှု့ အတိုင်းအတာနဲ့
အခုတော့ ဘယ်လောက် နာကျင်မှု့ကို ဝှက်နိုင်သွားတာမျိုး
 
မျှော်လင့်ချက်မဲ့စွာ လမ်းလျှောက်မိတဲ့အကြောင်းကို
လမ်းဘေးက မြက်ပင်စိမ်းတွေသိနေမှာ
 
ကိုယ်ချစ်တဲ့သူတွေရှိနေရာမှာ လောင်မီးကျနေတဲ့ Live ကို
ခပ်ဝေးဝေးတနေရာကကြည့်ရသလို
 
မင်းဆီကအရမ်းဝေးကွာတယ်ဆိုတဲ့စကားကို
ငါ့ဆီမှာ ချိတ်ဆွဲရတာ
 
ကိုက်ခဲမှု့တွေဟာ  အထီးကျန်မှု့တွေကနေလာ
မေ့လျော့ခြင်းပမာဏများများနဲ့ ဆောက်ထားတဲ့အိမ်
 
ကိုယ့်ကိုကိုယ်တောင် ပြန်ရက်စက်ဖြစ်ခဲ့တဲ့ နေ့ည
လွန်ခဲ့တဲ့ နှစ်တွေက ပုံတွေပဲ ပြန်ကြည့်နေမိတဲ့လူ
 
ဒီမှာရှိနေသမျှတွေထဲ အဆင်ပြေရဆုံးအချိန်က
လေယာဉ်ကွင်းကို သွားနေရတဲ့လမ်းတွေပေါ်မှာ
 
ငရဲမှာ သက်တောင့်သက်သာနဲ့ မနာကျင်ခဲ့တဲ့နေ့ရက်တွေက
ဘယ်လိုဆိုတာ မေ့ ပျော်ရခြင်းက ဘယ်လိုလဲဆိုတာ
 
တခါတလေကျ ကြောက်ဖို့ကောင်းလောက်အောင်
မျက်ရည်ကျလွယ်တာ ဟာ ကြောက်စရာကောင်းနေ
 
မြေနံ့

Wish You Were Here


Wish You were Here - Neck Deep

 

ဝိရောဓိ သောကြာ --- ၁၄

နောက်ဆုံးချိန်မှာ အဲ့ဆံပင်တွေ ဘယ်လိုဖြစ်နေလဲ

ငါးတွေကို စားရမှာ ရွံလာတယ်

တစ်ယောက်ယောက်ကို တစ်နေ့နေ့မှာ

ပြန်ပြောပြဖြစ်မလား မသေချာ

ဒီဇင်ဘာတွေဟာ အိမ်ကထွက်သွားတဲ့လူတွေကို

ညနေရေပြင်တွေထဲ သွားရှာရင်း

အော်မြည်နေတဲ့ အနံ့အသက်အချို့နဲ့

လွင့်ပျံသွားတဲ့ နေ့တစ်နေ့လိုမျိုး

 

Wish You were Here - Pink Floyd

 

မရေမတွက်နိုင်တဲ့ လမ်းတွေရပ်တန့်သွားကြမှာ
ပန်းပွင့်တွေ မိုးစက်တွေ တေးသံတွေ
ဒီလိုနာကျင်မှု့မျိုးနဲ့ ထိုက်တန်အောင်
ကျန်ခဲ့နေရတဲ့ နေရာအိုရဲ့ လောင်မီးက
ဘဝများစွာထဲလင်းပြီး ဘာဆိုဘာမှ
မမြင်နိုင်တော့တဲ့ အချိန်တွေထဲ
ကြွေကျ ပြန့်ကျဲနေတဲ့ ဖိနပ်တွေ
နောက်ဘယ်ချိန်ထိ စွဲနေမယ့်
တံခါးခေါက်သံတွေမှာ
ဖြေသံ မရှိနိုင်တော့တဲ့ မျက်ဝန်းတွေနဲ့

 

Wish You were Here - Incubus

 

ရှင်သန်ဖို့ ရွေးလိုက်မိမှတော့
အစားမထိုးနိုင်တဲ့ တစ်ခုခု ပြန်ထုတ်ပေးရလည်း
ပြုံးနေလိုက်မယ့် တိမ်တိုက်တစ်ခုလို
မှိတ်ချထားတဲ့ မီးခိုးရောင်တွေ
အရာရာတိုင်းမှာ စွန်းထွက်နေတုန်း
ရှိနေပေးခဲ့တဲ့ ဒဏ်ရာကူးလူးမှု့
စကားလုံးအပျက်များ ဓာတ်ပုံအနက်များ
သီချင်းလို ခေါ်သံများ တစ်စုံတစ်ယောက်နား
တိုးဝှေ့လို့မရတော့တဲ့ လေညှင်းများ

အချိန်ဆိုတာ လူတွေသုံးစွဲလိုက်တဲ့ အထဲမှာ

တန်ဖိုးအရှိဆုံးအရာပဲတဲ့
ဘယ်လိုပဲဖြစ်ဖြစ် ပျော်စရာတွေဖြစ်ခဲ့ရတာ

မြေနံ့

ခေါက်သိမ်းလိုက်ရခြင်းနဲ့ တိမ်တိုက်တချို့အကြောင်း

 
ဘယ်ကမှန်းမသိတဲ့လူတွေကို မင်းလို့ထင်ပြီးလိုက်ကြည့်နေမိ
ညနေတွေဆီကို မင်းလက်ကလေးဆွဲပြီး ခေါ်သွားချင်မိတာ
မင်းနဲ့အတူရှိရမယ့် အပြာရောင်တွေ သိမ်းထားဖို့
မင်းခြေချောင်းလေးတွေရဲ့ နူးညံ့မှု့ကို
အိပ်မက်တွေရဲ့အပြင်မှာပါ ခံစားလို့ရမလား
မင်းနားတိုးဝှေ့လို့ရမယ့် ကြောင်လေးတစ်ကောင်အဖြစ်ကို
ဘာနဲ့မဆို လဲချင်နေတာ ကောင်းကင်ရဲ့အရောင်တွေထဲ
မင်းနဲ့အတူ ပျောက်ဆုံးလို့ရရင် ညတွေမှာ မင်းကိုဖတ်ပြချင်တဲ့
ကြယ်လို စကားလုံးတွေ တစ်ကမ္ဘာလုံးက စက္ကူပန်းတွေ
မင်းဆီပို့ပေးချင်တယ် မင်းအကြောင်းတွေ ငါ့မနက်တွေမှာ
အရိပ်လို ထင်ယောင်တုန်းက မင်းဆီမှာဖြစ်သမျှတွေက
ငါ့ဆီမှာ လေကြမ်းတွေတိုက်နေသလို
ဘာမှမရှိခဲ့တဲ့ နှစ်များစွာခြားခဲ့ပေမယ့်
မင်းနဲ့ငါ့ကြားမှာ တစ်ခုခုကတော့ ဆက်သွယ်ထားဆဲပဲလား
ကမ်းခြေတွေ တောင်တန်းတွေ
တကယ်ပါ painkiller တွေအကုန်လွှင့်ပစ်ပြီး
မင်းအနားပဲနေလိုက်ချင်တယ်

မြေနံ့
 

Saturday, November 19, 2016

ကြယ်ကြွေအခန်း


ဒီရက်တွေမှာ ငါဟာအသက်ရှင်နေတာလား မသေချာဘူး 
တယောက်ယောက်ရှိမယ်ထင်ရတဲ့ အခန်းတံခါးတွေကို ရိုက်ဖျက်မိတယ်
သူနွေးထွေးလိုက်ချင်တဲ့ မျက်ရည်တွေဟာ အနီရောင်တွေဖြစ်ပြီး 
မခံနိုင်တဲ့အေးစက်မှု့တွေနဲ့ ဝဲပျံနေ
နံရံတွေနားကပ်ပြီးနားထောင်လိုက်တော့  
ဓာတ်ပုံမှန်ဘောင်အလွတ်ထဲကလူကိုကြားရ သူစိတ်တွေနေမကောင်းဘူး
သူ့စိတ်ဟာဘယ်လိုမှနေမရဘူး ရေချိုးခန်းထဲက နာကျင်သံတွေ 
ရေပိုက်ခေါင်းပိတ်လိုက်သလို မင်းတိုးတိတ်ခဲ့တဲ့ စွန်တွေ
ငါ့မျက်လုံးထဲ လာစိုက်နေတာ ချစ်တယ်လို့ အခေါက်ခေါက် အခါခါ 
ငါပြောခဲ့တဲ့ အသံသက်သက် လောင်နေတာတွေ
အလင်းတန်းတွေနောက်ပြေးလိုက်တယ် 
မီးတွေပိတ်ပြီး မင်းကိုအမှောင်ချတယ် 
ငါပြောချင်နေခဲ့တာတွေ မင်းဆီမရောက်တာသိလား
မင်းဟာ ငါ့ဘက်မှာ စိမ်းလန်းလို့မရတဲ့  အိမ်ပြန်ချိန်လား 
နောက်ထပ် ကမ္ဘာတခုထပ်ရောက်လာပြီး ငါ့ကိုအလွတ်ကြီးထားခဲ့တာ
သွေးဆာနေတဲ့နှုတ်ခမ်းတွေနဲ့ ညီမလေးဟာ 
မလုံလောက်တော့တဲ့ စိတ္တဇနဲ့ ပင်လယ်ဆီ ပျံ/ပြန်သွား 
ညကိုသိပ်ဖို့ ဆေးလုံးတွေ
ဘဝအဆက်ဆက်ထဲ ပျော်ဝင်နေတာ မင်းထားခဲ့တဲ့ စိတ်ကျရှိုက်သံတွေ 
ငါမှာမနက်တွေမရှိတော့ဘူး တပွက်ပွက်ဆူနေတဲ့ပုံပြင်တွေ
အချိန်မစေ့သေးတဲ့ မိုးတွေဖြတ်ပြေးနေတဲ့ အရိပ်တွေထဲ 
မင်းကြောင့် ငါဟာ ဒီကဗျာထဲက မထွက်တော့ဘူး..။

မြေနံ့
1Nov2016

ဒီလိုပဲ အဆင်ပြေသလို။


ရှုပ်ထွေးလွန်းနေပြီး တခုခုရှိနေရင်တောင် မမြင်နိုင်တော့တာ။ ဖြစ်ပျက်နေတာတွေက ဟိုးအရင်အချိန်တုန်းကဆော့ခဲ့ဖူးတဲ့ ဂိမ်းတစ်ခုလိုပဲ။အားလုံးဆီကနေပြေးထွက်ဖို့ အဖြေကရှိပြီးသား။ ဒါပေမယ့် သနားကြင်နာသလိုနဲ့ချပြထားတဲ့မျက်လုံးတွေကို ကျော်ကြည့်ဖို့တော့လိုနေတယ်။ဘယ်မိုးမှမရွာပဲ ဗလာချည်းသက်သက်တိမ်တွေမှောင်နေကြ။ ခြေရာတွေ ဝါကျင် နာကျင်နေ။လိပ်ပြာလေးကို သော့ခတ်သိမ်းထားတယ်။သူ့သွားလေးတွေက အိပ်မက်ထဲ ပြန်မလာတော့မယ့်အကြောင်း။ မင်းကိုသတိရရင် ပန်းပွင့်လေးတွေ ခွဲနေလိုက်တယ်။အမြင့်ကြီးကနေ လက်သည်းခွံလေးတွေ ပျက်ကျလာ။လူတွေကြားမှာ ခေါင်းတွေအရမ်းကိုက်လာပြီး။ သူမရဲ့ ရင်သားတွေက အစိမ်းရောင်။ကိုယ့်ကို လာ ဖက်ထားပါလား။refresh တွေ အဓိပ္ပါယ်မဲ့ပဲ။ အဓိပ္ပါယ်မဲ့ပဲ ငေးနေတာ။ ငေးနေတာတွေ တဖြောက်ဖြောက်ကျနေဆဲ။အခုထိ။တချို့အပြုံးတွေဟာ သစ်ပင်တွေလို။ စိတ္တဆန်လွန်းလို့ ခင်ဗျားငိုမိမလားပဲ။ သူ့ကိုချစ်ခဲ့ခြင်းမှာ အရာရာဟာ တခုတည်း။ရေခဲပြင်ပေါ်က အပြာရောင် အလင်းတန်းတွေလို။ တောင်ပံတွေဟာ ဘယ်မှမရောက်တော့။ နာရီမှာ စကား မကျန်ဘူး။

မြေနံ့
၂၆.၁၀.၂၀၁၆

Saturday, November 5, 2016

အပြန်လမ်း


ပျင်းစရာဟာ နေရာတိုင်းမှာ ကောင်းတာပဲ
မျက်နှာချင်းဆိုင်က လူတယောက်ရဲ့ မျက်ကွင်းတွေကြောင့်
အစွယ်တပ်ပြီး သွေးစုပ်ဖုတ်ကောင် နေရာထားကြည့်မိတယ်
ဘယ်ကိုမှ မရောက် တစ်နေရာထဲ ခေါက်တုံခေါက်ပြန် လျှောက်နေတဲ့
စကားတွေ တစ်ယောက်ထဲပြောရင်း လောကကိုမေ့နေတဲ့ Psychopath
ကျောက်ရုပ်လို မလှုပ်မယှက်ပေမယ့် နိုးနိုးကြားကြား ပဲ
ဘေးကလူဟာ အချိန်မရွေးသွေးရူးသွေးတမ်း ထပြေးနိုင်တယ်ဆိုတဲ့ သွေးပူမှု့မျိုး
ဘယ်သူမှ မရှိနေကြ နေရာမှာ လူတစ်ယောက်က အခိုးအငွေ့တွေနဲ့ ထိုင်နေတာ
ဘယ်ကားကိုမှ ဂရုမစိုက်ပဲ သူ့အားငယ်စိတ်နဲ့သူ
လမ်းလယ်ခေါင် မှာ ခေါင်းငိုက်စိုက်နေတဲ့အကြည့်တွေ
တခါတလေ လူတွေဟာ သိပ်ကို ကာတွန်းဆန်တာ နှာခေါင်းတွေ မျက်လုံးတွေပေါ့
ပြီးတော့ စက်ရုပ် ဒီဇိုင်း အဲ့က တစ်ဆင့် ဂြိုဟ်သားလို
ခွေးကျောင်းနေတဲ့ အဘွားအိုအတွက်
သတင်းစာဟောင်းတွေက အကောင်းဆုံးအဖော်အဖြစ် ပြုံးလို့
မနေ့ညက အိပ်မက်ထဲ လမ်းလျှောက်နေတုန်း
ငါ့ဖိနပ်ဟာ ကြိုးလျော့သွားတယ် ငါ ပြန်ချည်လို့လည်းမရ
ငါဘယ်လိုကြိုးစား ကြိုးစား အဲ့ဖိနပ်ဟာ ငါ့ဆီကနေ ထွက်ကိုသွားမှာဆိုတဲ့ပုံစံမျိုးနဲ့
အဲ့ဒါနဲ့ ဒီနေ့ ငါမြင်သမျှခြေထောက်တွေကို လိုက်ငမ်းဖြစ်တာပေါ့
မော်ဒန်စိမ်းရောင် ပြိုင်ဘီးလေးနဲ့ ကောင်လေးက ကြက်တောင်ရိုက်ကွင်းထဲ
အငေးဆုံးနဲ့ချစ်ဖို့အကောင်းဆုံးလူသတ်သမားလိုနံရံတွေဆီပြေးဝင်လာ
ကလေးမလေးက ထီးအကြီးကြီးတခုနဲ့ဆို သူလုံခြုံသွားပြီ ထင်နေမလား
ဘာတွေမှ မတွေ့ဘဲ အိမ်ရောက်ချင်လှပြီ...။

မြေနံ့
၁၉/၁၀/၂၀၁၆

Saturday, October 8, 2016


ရယ်သံတွေကြားရတိုင်း လန့်လန့်သွားတယ်
စောင်ဟာစိတ်ကိုလုံအောင် မခြုံနိုင်ခဲ့ဘူး..။

မြေနံ့

စက်တင်ဘာသီချင်း

ဆောင့်ပိတ်ခံလိုက်ရတဲ့ တံခါးဟာနာကျင်နေတုန်း 
တချို့လူတွေရဲ့ တဆတ်ဆတ်ခါမှု့တွေကို ငါထိုင်ရယ်မိတယ် 
ဘုရားသခင်က ငါ့ကိုမတရားဘူးလို့ ထင်ကောင်းထင်နိုင်ပေမယ့် 
အချိန်တိုင်း မွန်းနေသလိုခံစားရမှု့တွေအတွက် 
မျက်လုံးထဲဝင်သွားတဲ့ ကျည်ဆံတွေပြန်မထွက်တာ ငါပဲသိတယ် 
ဘဝမှာအလိုအပ်ဆုံးက hansaplast တွေပဲဖြစ်ခဲ့ရတာ 
မိုးရွာတဲ့ညတွေမှာ ငါ မရှိတော့ဘူး 
စောက်ရမ်းအငိုသန်ပြီး လူမသိအောင် 
အံ့ကြိတ်နေတတ်တဲ့ ကလေးအဖြစ်က 
 စိတ်တွေ ပုံပျက်ပန်းပျက် နူးညံ့ခဲ့တာတွေဟာ 
အဲ့လို နံရံတွေကနေ ငါ့အိပ်ရာပေါ်အမာရွတ်တွေကုတ်ခြစ်ဆင်း ပြီး 
မှောင်လိုက်ရသလို မချစ်တော့တဲ့လူတယောက်အကြောင်းတွေးရင်း 
လက်တွေကွဲကြေရတာ တချို့နေ့တွေမှာ 
ခဏအိပ်လိုက်အုံးမယ်ဆိုတဲ့ စကားကို ကြောက်လန့်တကြား 
လှမ်းဆွဲထားမိတယ် ငါပြန်လာတော့ 
ငါ့အခန်းက ငါထားခဲ့သလို မဟုတ်တော့ဘူး ... ။

ညီမလေး phobia

ညီမလေးလို့ခေါ်သံတွေဟာ တကယ်ရှိခဲ့ကြောင်း 
အဲ့ညက ညီမလေးကို ပြောပြခဲ့တယ် 
သောကြာနေ့တွေဟာ သုံးနာရီခွဲမသွားဖို့ 
ဒီဇင်ဘာရဲ့ရေတွေထဲ သူဟာသိပ်ကိုချမ်းနေရှာမှာ 
ညီမလေးလို့ပြုံးလိုက်တဲ့ နှုတ်ခမ်းတွေက 
အိပ်မက်ကြမ်းကြမ်းတွေထဲ ဝေးဝေးသွားတယ် 
ကိုယ့်မှာ ညီမလေးကိုရှာဖွေရင်း မပြီးဆုံးနိုင်တော့.. 

 မြေနံ့

ဒုတိယပြန်စာ


ဒီဇင်ဘာကျရင်တော့ ဖိနပ်အသစ်ဝယ်ဖို့ တွေးထားတယ်
ချစ်သူရဲ့သီချင်းက ဆွေးဆွေးမြည့်မြည့်လေး
ဒီဘဝပျောက်မှပျောက်ပါ့မလားလို့ ထင်ခဲ့တဲ့ ဒဏ်ရာတွေလည်းပျောက်သွားတယ်
အမာရွတ်တော့ကျန်နေသေးတယ်
အကြည့်ချင်းတောင်မဆုံဖြစ်တဲ့ ရှပ်အကျီလေးတွေ
ကြိုးစားတိုက်ခတ်နေတဲ့ ညနက်နက်တွေ
လူတယောက်က ညီမလေးလို့ မခေါ်တော့ဘူး
တချို့မျက်နှာတွေကို မချစ်ဖြစ်ခဲ့တာ
အဆင်ပြေလားမေးရင် ပြုံးရုံပဲ
ပျောက်သွားတဲ့ အိပ်မက်တွေများ ငိုနေမလား
ငါကနေနိုင်ပါတယ် မင်းမနေနိုင်မှာပဲစိုးတာ
ပုံစံတလွဲတွေဆီကို မျက်ဝန်းတွေရောက်လာတော့
ခေါင်းကုတ်ရတာ ဝါဿနာများပါသလား
နောက်ဆို ငါ့ဆီကနေ မင်းဘာမှ မရတော့ဘူး
ပြောပြီးထွက်သွားဖြစ်တယ်


မြေနံ့
၀၈/၀၉/၂၀၁၆

Saturday, August 27, 2016

မိုးကရွာတော့မှာလား


ထင်ထားတာထက် ဘဝ က ပိုအေးစက်လာတယ်
Question mark တွေအတွက် သူ့မှာ ကုစားစရာမရှိဘူး
ညဆို တယောက်ယောက်က သူ့အခန်းတံခါးကိုဖွင့်ဖို့ကြိုးစားနေတယ်ဆိုတာ သူက သိနေတယ်
မောင့်သဘောပါလို့ ပြောလေ့ရှိတဲ့ မိန်းမတယောက်ကို ပြတင်းပေါက်ကနေ အမြဲတမ်းစောင့်ကြည့်ရင်း
ကိုယ့်ကိုကိုယ် မခုတ်ဖြတ်မိလိုက်ဖို့ ကြိုးစားနေတဲ့ လူလိုမျိုး သူ့ဆီကနေ အရာရာ ကွာကျနေပြီး
မီးတွေထဲ လူတယောက် ပြေးဝင်သွားတဲ့ မြင်ကွင်းပေါင်းများစွာနဲ့
အိမ်ပြန်လာတဲ့အချိန် အိမ်မရှိတော့တဲ့ မျက်လုံးတွေထဲမှာ
ခေါင်းတွေငုံထားတာအပြင် လက်ချောင်းတွေကိုက်နေတာကိုပဲ ဖြစ်စေနေတာ
တလမ်းလုံးမှာ စိတ်လွတ်နေတဲ့လူတွေချည်း သူဟာသူ့ကိုယ်နဲ့မခွာရဲတော့ 
ရပ်မသွားတဲ့ တခုပြီးတခုတွေထဲ ငါသူတို့ကို လိုတာထက်ပိုမပေးဘူးဆိုတာ
သူ့ရဲ့ လမ်းလျှောက်ရင်းနဲ့ မက်နေတဲ့အိပ်မက်တွေ
တချို့အချစ်တွေက ယင်ကောင်တွေ
retarded က ဘာကိုပြောတာလဲ သိလားလို့
၂၀၁၃ မှာ လူတယောက်ကို သူပထမဆုံးအနေနဲ့ စကားစပြောတာ
ကလေးလေးက ရထားကိုမမြင်ရတော့တဲ့အချိန်ထိ လက်ကိုဝှေ့ရမ်းပြနေတုန်း
သူဟာကြောင်တွေကိုငေးနေတယ်
တစုံတယောက်အတွက် ခရုလေးတွေဟာ တခုခုဖြစ်စေတာ
နောက်ဆုံးတော့ မှန်ထဲကလူဟာ မျက်ရည်တွေဝဲနေတာချည်းပဲ ... ကျန်ခဲ့တယ် ... ။

မြေနံ့
25 August 2016


Sunday, August 21, 2016

လိပ်ပြာလေးတွေဟာ သူ့ဆီမှာ


နှစ်မိနစ်အတွင်း ငါဘယ်လောက်သေလုမျောပါးလျှောက်နိုင်မှ
ဒီဝမ်းနည်းစရာအကြောင်းကြီးက ငါ့ဆီကထွက်မှာလဲ
ဆေးလိပ်တွေသိပ်သောက်မိတဲ့ညတွေမှာ to be more human ဆိုတာက fuck ပဲ
I wanna grow old with you လည်း နောက်ဆုံး fucked up သွားသလို
ပြတင်းပေါက်ဖုန်တွေသုတ်နေချိန်ပဲ ညီမလေးဟာ အပြင်ဆိုတာ သိရတယ်တဲ့
ငါ့ဘယ်လောက်များ စီးဆင်းနိုင်အုံးမှာလဲ ကော်ဖီနံ့တွေကြား ငါ့နားတွေသေကုန်တယ်
အကြမ်းဖက်မှု့တွေနဲ့ဟာသတွေက လူတွေရဲ့အဓိကထုတ်ကုန်
ဖြစ်နိုင်ရင်ငါမထတော့ဘူး တချို့မျက်လုံးတွေဟာ ငါ့ဆီတော့လေတွေအရမ်းတိုက်စေတာပဲ
တိုက်တိုက်ဆိုင်ဆိုင်ရှင်သန်မှု့တွေအတွက် ဖုန်းခေါ်ဆိုမှု့တွေမဖြစ်မနေလိုတယ်
ခြောက်လတာမျက်ရည်တွေကို ညီမလေးမထိန်းနိုင်တော့ဘူးလား
မျက်နှာကျက်ထဲကနေ အိမ်နားကတောင်တန်းအနံ့တွေရှာနေတာ
ကျောင်းစိမ်းဝတ်စုံလေးနဲ့ လွယ်အိတ်အစိမ်းလေးရယ်ဟာ မြက်ခင်းအစိမ်းတွေဆီမှာ ကျန်ခဲ့ပြီ
တယောက်ထဲပဲရှိတော့တဲ့ခုံတန်းတွေလို သူဆီမှာအညိုတွေ
အဲ့ဒါဟာကဗျာမဟုတ်ပဲ တခုခုဖြစ်နေခဲ့ရင်ဟာ တကယ်တော့ ဗလာ
တလွဲတွေဖြစ်လာတော့ ငါဟာရယ်နေလိုက်ရတာပဲပေါ့ စာသားလို
ငါ့ကိုတယောက်ယောက် ဖတ်မှဖြစ်တော့မယ် .. ။

မြေနံ့
၁၄ ၈ ၂၀၁၆

Wednesday, August 3, 2016

Cassie ရဲ့နောက်ဆုံးပေါ်အပျော်


ပိုအထီးကျန်ဖြစ်လာတဲ့အကြောင်းဟာ
ကပွဲရုံထဲဝင်ရမ်းသွားတဲ့သေနပ်တစ်လက်လို
အိမ်ပြန်မယ့်လေယာဉ်တွေရှိတဲ့လေဆိပ်တွေမီးလောင်သွားတယ်
shopping centre တွေထဲမှာ လူသတ်လက်နက်တွေပဲရောင်းတဲ့နေ့တွေပေါ့
ပွဲတော်တွေဟာ ပုန်းနေရတဲ့အသံတိတ်စာတိုတွေဖြစ်လို့
ကိုယ့်သွေးတွေဆာလောင်သူကို ရင်ဘတ်ထဲပွေ့ဖက်ထားချင်တာ
ခင်ဗျားဆီနောက်ဆုံးလာတုန်းက ခင်ဗျားဆီမှာ ငါးညှီနံ့တွေနဲ့
ကျောင်းတွေမှာ အသားအရောင်တွေရယ်
အရှေ့ဘက်ခြမ်းမှာ မမှီလိုက်တော့တဲ့ အသက်ရှုသံအချို့
ငြိမ်ငြိမ်သက်သက်လေးပဲ အဝတ်ဖြူလွှမ်းထားတဲ့သူမအနား သူထိုင်နေတယ်
ငါကသိပ်ထိခိုက်လွန်းတော့ ခက်တာပဲလို့
သူ့ရဲ့အရူးလို့ခေါ်တာမျိုးတွေကလွှဲလို့ ပြုံးဖြစ်စရာ မနက်ဖြန်များများစားစားမရှိ
မိုးတွေအုံ့လာပြန်တာတို့ လေအေးပေးစက်ဟာ ပိုအေးလာတယ်
ကိုယ်မလှုပ်မိဘူး သူများပြန်လာမလားလို့
နောက်သုံးမိနစ်ဆို စီးနေကျ bus လာတော့မယ်
the fuck ပဲ တခုခုနဲ့ လာထိန်းဖို့မလုပ်ကြစမ်းပါနဲ့
မထွက်တော့တဲ့နာကျင်အသံတွေနဲ့ အခုတလောမျက်လုံးတွေ အော်နေတယ်
julyဆိုငါဖျားတာပဲ lift တွေထဲတယောက်တည်းဆို မလုံခြုံတာပဲ
ကိုယ်ဘယ်သူနဲ့မှမကစားချင်တော့ဘူး
မြေအောက်ခန်းတွေကြောက်တဲ့လူတွေက ချစ်ဖို့ကောင်းတယ်
စက်ရုပ်ပြောသလို မင်းအခုတလောအဆင်ပြေမှာပါ
တခုခုပြီးခါနီးပြီဆို ခေါင်းတွေကိုက်လာပြီး အဆုံးထိမရောက်တော့တာမျိုးပဲ
ငါကတော့ ပျော်သလောက်နေမှာပေါ့
Cassie pulled the Trigger*.

*lyrics

မြေနံ့
1stAugust2016

Sunday, July 17, 2016

စက္ကူလေယာဉ်ပျံ


လည်ချောင်းထဲကနေ ကုတ်ခြစ်ထွက်လာတဲ့အသံ မင်းနားတွေကနေ မင်းသွေးကြောတွေမှာ ငါသိပ်ကြောက်ရတဲ့ မနှစ်ကဒီလို အချိန်တွေ မိုးတွေအုံ့နေရင်နာကျင်လိုက်ဖို့ပြင်နေတဲ့အပြုံးတွေ မြင်ရုံနဲ့အဲ့မျက်နှာကငါ့ကိုယားယံစေတယ် ညီမလေးဖတ်ဖို့သိမ်းထားတဲ့စာအုပ်တွေထဲ အရင်ကစကားတွေတိုးတိုးလေးပြောချင်နေတာ နင့်နံရံပေါ်မှာငါ့ညတွေ ပြန်မရတော့မယ့်တိမ်တွေက ငါ့ကိုမျက်နှာလွှဲထားတုန်း ဘုရားကိုအာရုံပြုရမယ့်အချိန်တွေတိုင်းလည်းမင်းပဲငါ့ဆီရောက်နေပြီးငါ့GODဟာမင်းပဲဖြစ်နေတာ မင်းရဲ့PSYCHOအဖြူအမဲတွေနဲ့ ငါကျန်ခဲ့တာတစ်ဘဝလုံးပဲ မင်းမျက်လုံးတွေများနာကျင်နေအုံးမလား ကမ္ဘာအစွန်းရောက်သူဟာ စောက်ရမ်းအတွေးများလွန်းတာ ဘာဖြစ်ဖြစ်ဘာမှမဖြစ်တော့မယ့် တယောသံတွေကြားကလိပ်ပြာတွေ မင်းစိတ်တွေတိတ်သွားချိန်ထိ ငါ့မီးခိုးတွေဘယ်မှလွင့်လို့မရတာ ဘာလို့များငါ့ဘက်ကိုဝေးချင်ရတာလဲ ကလေးရယ် ငါဆာလောင်လွန်းနေလို့ မင်းနာမည်လေးခေါ်လိုက်တယ် ဒါပါပဲ ဒီလောက်ပဲပေါ့...။

မြေနံ့

I can fiy ငါပျံပြေးနိုင်တယ်


ဝမ်းနည်းနေပုံပေါ်နေတဲ့ဆေးတချို့တွဲလောင်းကျနေတယ်
ပျောက်စေလို့ပြောတတ်တဲ့လက်တွေလည်းငါ့ကိုထွေးပွေ့မထားတော့
သူလည်းမရှိ သူမလည်းမရှိ ဖြစ်နိုင်ရင်လေတွေအရမ်းတိုက်နေတုန်း
ဖွာမိတဲ့စီးကရက်ထဲမှာ မောနေတာတွေ ပျောက်သွားချင်နေတဲ့မိုးစက်တွေစိမ်းသွားသလို
လူသားဟာသူ့ဘဝထဲမှာသူ့ရဲ့မွန်းနေတဲ့အိပ်မက်တွေကိုဟင်းလင်းဖွင့်နေတုန်း
သတိရစိတ်တချို့ကြောင့်လွတ်ပြီး မလုံခြုံတဲ့စိတ်နဲ့လူအုပ်ထဲပြေးထွက်လာတာ
ရေတွေဟာမရပ်တော့ဘူး
သီချင်းသံဟာပြီးမသွားဘူး
နာကျင်ရတဲ့ပုံပြင်တွေမပြောတော့ဘူး
လက်တွေအေးစက်နေသလိုမျိုး ချစ်လွန်းလို့ဘာမှမရှိတော့တာ
ကြယ်တွေဆုံတဲ့ညဆီငါရောက်တိုင်း ငါ့ကြယ်တွေထိုင်ခြွေရင်း
တယောသံဟာ အံကြိတ်ပြီးထွက်လာမှာပဲ
မျက်လုံးတွေစုံမှိတ်လိုက်ရတာမျိုးဟာနာတယ်
နင်ထားခဲ့ပြီလို့သတိရရင်ငါယောင်ပြီးစောက်မျက်ရည်ကျမိအုံးမယ်
ဘဝဟာမင်းဘေးမှာမင်းစကားသံတွေနဲ့အိပ်ပစ်လိုက်ခြင်းပဲလို့
မအိပ်ဖြစ်တဲ့ညတွေမှာငါတွေးမိနေအုံးမလားမသိ
စိတ်မပူပါနဲ့ တဖြည်းဖြည်းငါဟာမင်းဆီကနေအဝေးကြီးရောက်သွားမှာပါ..။

မြေနံ့

Sunday, June 19, 2016

ဘဝထဲမှာသိပ်ကိုနာကျင်တတ်လွန်းတဲ့မျက်လုံးတွေရှိနေတယ်


စာရွက်တွေနဲ့အလင်းကိုပိတ်ထားလိုက်တော့
တစုံတယောက်ရဲ့စကားတွေကို ပြန်စဉ်းစားလို့မနိုင်တော့ရင်
SAD ဆိုတဲ့စကားလုံးထဲဝင်အိပ်နေတဲ့ ကြောင်တကောင်ရယ်
မျက်ရည်ကျဖို့မီးမှိတ်ထားတဲ့အခန်းရယ်
ကိုယ့်ကိုကိုယ် နေမကောင်းဘူးလို့ထင်နေမိတာက ကုမရတဲ့ရောဂါပဲ
မင်းမရှိရင် ငါသေသွားမှာပဲ ပြောတဲ့ လူလိုမျိုး ပျော်ရွှင်စွာနဲ့ပဲ
မင်းနာကျင်မှု့တွေနင်းပြီး အစွန်းဆုံးထိ ငါသွားခဲ့ပါတယ်
ကိုယ့်ခြေချောင်းလေးတွေဟာ သိပ်ကြောက်တတ်လို့ ဝှက်ထားချင်ရုံလောက်လေး ငါရူးခဲ့တာ
ဟာသပဲလို့ ပြောမိချိန်တိုင်း သွေးထွက်လွန်ညတွေ
ဗလာဖြစ်မှု့တွေနဲ့ပြည့်ကျပ်ဆာလောင်ခြင်းလိပ်ပြာတွေပျံပြေးပြီးနောက်
အိမ်လေးဟာရှိတော့မှာမဟုတ်ဘူး
ဘာတွေမှလည်းငါမမြင်ချင်တော့တဲ့ မိုးမတိတ်သေးတဲ့ညတွေ
ငိုနေတဲ့စကားလုံအချို့နဲ့ မင်းဆီသို့ဆိုပြီး ငါမျက်လုံးတွေမှိတ်လိုက်ပြီ

မြေနံ့
၁၁/၀၆/၂၀၁၆

Monday, June 6, 2016

WATCHEROFELSA


ပျော်ရွှင်နေလည်း အသံမထွက်တော့ဘူး
နာကျင်နေလည်း တိတ်တိတ်ဆိတ်ဆိတ်ပဲ
ပြတင်းပေါက်ငေးသူတယောက်ဟာ
တခုခုကို မျှော်လင့်ပြီး ငေးခြင်း မဟုတ်ပဲ
ပြတင်းပေါက်အပြင်မို့လို့သာ ငေးနေသလိုမျိုး
အေးစက်လွန်းတဲ့အခန်းထဲက
တယ်လီဖုန်းမြည်သံတွေ
လူစိမ်းတွေကြားက မျက်လုံးအချို့ဟာ
မိုးစက်တွေ တစိမ့်စိမ့် ကျနေတဲ့
ညနေလို ကြေကွဲနေမလား
သတိရခြင်းတွေနဲ့မွေးနေ့တခုဟာ
ဖျားနာနေခဲ့တာပဲ
ဘာမှပြောမထွက်တော့တဲ့အခါတွေ
စိတ်ခံစားမှု့သိပ်မြန်လွန်းနေတဲ့
နှုတ်ခမ်းဟာ မီးခိုးရောင်ပြောင်းတော့မတတ်
ဖိနပ်ကြိုးချည်တယ် မီးပိတ်တယ်
အိမ်ပြန်ရရင်ကောင်းမှာပဲ ဆိုပြီး သူကြယ်တွေဆီပျံသွားတယ်

Arido
၁၁.၃.၂၀၁၆.