Saturday, November 5, 2016

အပြန်လမ်း


ပျင်းစရာဟာ နေရာတိုင်းမှာ ကောင်းတာပဲ
မျက်နှာချင်းဆိုင်က လူတယောက်ရဲ့ မျက်ကွင်းတွေကြောင့်
အစွယ်တပ်ပြီး သွေးစုပ်ဖုတ်ကောင် နေရာထားကြည့်မိတယ်
ဘယ်ကိုမှ မရောက် တစ်နေရာထဲ ခေါက်တုံခေါက်ပြန် လျှောက်နေတဲ့
စကားတွေ တစ်ယောက်ထဲပြောရင်း လောကကိုမေ့နေတဲ့ Psychopath
ကျောက်ရုပ်လို မလှုပ်မယှက်ပေမယ့် နိုးနိုးကြားကြား ပဲ
ဘေးကလူဟာ အချိန်မရွေးသွေးရူးသွေးတမ်း ထပြေးနိုင်တယ်ဆိုတဲ့ သွေးပူမှု့မျိုး
ဘယ်သူမှ မရှိနေကြ နေရာမှာ လူတစ်ယောက်က အခိုးအငွေ့တွေနဲ့ ထိုင်နေတာ
ဘယ်ကားကိုမှ ဂရုမစိုက်ပဲ သူ့အားငယ်စိတ်နဲ့သူ
လမ်းလယ်ခေါင် မှာ ခေါင်းငိုက်စိုက်နေတဲ့အကြည့်တွေ
တခါတလေ လူတွေဟာ သိပ်ကို ကာတွန်းဆန်တာ နှာခေါင်းတွေ မျက်လုံးတွေပေါ့
ပြီးတော့ စက်ရုပ် ဒီဇိုင်း အဲ့က တစ်ဆင့် ဂြိုဟ်သားလို
ခွေးကျောင်းနေတဲ့ အဘွားအိုအတွက်
သတင်းစာဟောင်းတွေက အကောင်းဆုံးအဖော်အဖြစ် ပြုံးလို့
မနေ့ညက အိပ်မက်ထဲ လမ်းလျှောက်နေတုန်း
ငါ့ဖိနပ်ဟာ ကြိုးလျော့သွားတယ် ငါ ပြန်ချည်လို့လည်းမရ
ငါဘယ်လိုကြိုးစား ကြိုးစား အဲ့ဖိနပ်ဟာ ငါ့ဆီကနေ ထွက်ကိုသွားမှာဆိုတဲ့ပုံစံမျိုးနဲ့
အဲ့ဒါနဲ့ ဒီနေ့ ငါမြင်သမျှခြေထောက်တွေကို လိုက်ငမ်းဖြစ်တာပေါ့
မော်ဒန်စိမ်းရောင် ပြိုင်ဘီးလေးနဲ့ ကောင်လေးက ကြက်တောင်ရိုက်ကွင်းထဲ
အငေးဆုံးနဲ့ချစ်ဖို့အကောင်းဆုံးလူသတ်သမားလိုနံရံတွေဆီပြေးဝင်လာ
ကလေးမလေးက ထီးအကြီးကြီးတခုနဲ့ဆို သူလုံခြုံသွားပြီ ထင်နေမလား
ဘာတွေမှ မတွေ့ဘဲ အိမ်ရောက်ချင်လှပြီ...။

မြေနံ့
၁၉/၁၀/၂၀၁၆