Tuesday, November 6, 2012

ပုဒ်မချ


အန်လို့မရတော့ တံတွေးပဲ ခဏ ခဏ ထွေးမိတယ်
ခေါင်းက နည်းနည်း ထိ/နာ/ကြောင်/ပျက်သွားတယ်
စကားလုံးတွေက စကားလုံးတွေမဖြစ် မဖြစ်နိုင်တော့
မျက်ရည်တွေအဖြစ် စာရွက်တွေပေါ်ကျလာတယ်
မြိုသိပ်ထားလို့ မခံနိုင်ရင် ယဉ်ယဉ်လေးနဲ့ ငါရူးမယ်တဲ့
ကောင်းကောင်းမွန်မွန်ဖြစ်တယ် ပြီးတော့ အကုန် ကုန်သွားပြန်တယ်
သူ့အပေါ်မူတည်နေတဲ့ ငါ့ကိုယ်ငါ့ အမြင်ကတ်မိတယ်
စိတ်ကိုဘယ်ကိုပဲ ပို့ထားပို့ထား သူ့ဆီပဲရောက်ချင်နေတယ်
နေကောင်းရဲ့လား... လမ်းဟောင်းပြန်လျှောက်နေတာလား...
ငါ့ကိုမုန်းလို့ပဲလား... ဒီအတိုင်းပဲမေ့သွားတာလား...
ငါလေ... အရာရာကို ပြန်အသက်သွင်းဖို့ ပြင်ဆင်ထားခဲ့တာ...
အခုတော့လေ...အရာရာဟာ..................................။

မြေနံ့

စိတ်ကူးယဉ်နေကျ အသံတွေမကြားတော့ဘူး


ဒေါသထွက်လွယ်တဲ့ရောဂါ အတိတ်မေ့မလွယ်တဲ့ရောဂါ
စိတ်ပျက်သလိုလေသံနဲ့ပြောတော့ သက်ပြင်းတွေလည်း
နာရီပိုင်းအတွင်းမရေမတွက်နိုင်အောင်ချ
မျက်ကွင်းညိုနေရသမျှတွေ ရင်ဘတ်ဆို့နင့်နေရသမျှတွေ
အရာရာလွတ်ချပြုံးလိုက်ရင်း တစ်ခုခုကိုမြင်ရမှာကြောက်လို့
ခါတိုင်းလို မျက်နှာကို ဝှက်ထားတယ်
ဆက်ပြီးတော့မတက်နိုင်တော့ဘူး
ထပ်ပြီးတော့မဖြစ်နိုင်တော့ဘူး
အသက်မှန်မှန်ရှုရဖို့ လူလိုသူလိုနာကျင်လို့…။

မြေနံ့

အခန်းပျက်


လောဘမီး ဒေါသမီး
တောက်နေတဲ့လူတွေကြောင့်
အရှောင်အတိမ်းမဲ့ အလောင်ခံရတဲ့သတ္တဝါတစ်ကောင်

အချစ် အမုန်းတွေကို
တန်ဖိုးထားတယ်ဆိုတဲ့ လူတွေကြောင့်
အလဟသ မပြောလိုက်ရတဲ့သတ္တဝါတစ်ကောင်

လူပါ လူပါ လို့
အော်ဟစ်နေတဲ့ လူတွေကြောင့်
သနားစရာအဖော်မဲ့တဲ့ သတ္တဝါတစ်ကောင်

အားအားနေအပြစ်ရှာခြင်းတွေနဲ့
နာကျင်စေတဲ့လူတွေကြောင့်
တစ်နေ့ တစ်ခါ အသက်ကယ်ဆေးမှီဝဲရတဲ့ သတ္တဝါတစ်ကောင်

တိရစ္ဆာန်ဖြစ်တဲ့ ခွေးတစ်ကောင်လို
အူ အူနေတတ်တဲ့လူတွေကြောင့်
ဘာမှမခံစားနိုင်တော့တဲ့ နှလုံးသားမဲ့ သတ္တဝါတစ်ကောင်

သစ္စာ မေတ္တာ နတ္တိ နဲ့
ကိုယ့်ကိုကိုယ် လူယောင်ဆောင်ထားတဲ့ လူတွေကြောင့်
လူမဟုတ်တော့တဲ့ သတ္တဝါတစ်ကောင်...။

မြေနံ့

နာကျင်လာရင် ထွက်သွား/ပြေးဖို့ပဲသိတဲ့ မျက်လုံးတွေ


နေရတဲ့အချိန်တွေ တိုးတိုးလာတာနဲ့အမျှ
အရာရာက နောက်ပြန်ရေတွက်နေသလို လျော့လျော့လာနေတယ်
မျက်လုံးတွေကိုက်တယ် အသက်တွေပိုသတ်မိတယ်
တစ်ခုခုဆိုရင်ထဲမှာပဲ ထားတော့တယ်
ပြုံးရတာလည်းနာကျင်လို့ပဲ
ထွက်သွား ထွက်သွားပေး ထွက်သွားပေးလိုက်တယါ်
နာကျင်လာရင် စကားလုံးတွေပဲသိတော့တယ်… ……………………အဲ့ဒီလိုအသံတွေ
စိတ်မလုံမခြုံဖြစ်စေတဲ့ အိမ်မက်တွေမက်ရမှာကြောက်လာတယ်
အနုတ်ဘက်ဆန်ဆန်နေပြီး ဒုက္ခိတတွေရဲ့ ဘဝထဲ ခဏခဏ ဝင်ကြည့်တယ်
မကောင်းဖြစ်နေတဲ့စိတ်ကိုဘယ်လိုဖျောက်ရမလဲ
ဘာကိုမှ ကြားနိုင်စွမ်းမြင်နိုင်စွမ်းမရှိတော့လို
ထွက်သွား ထွက်သွားပေး ထွက်သွားပေးလိုက်ပါ
နာကျင်လာရင် ကဗျာ… တကယ်တော့ ကြယ်တွေ…
…ဒါဟာ အားလုံး… အတုအယောင်တွေပါပဲ…။

မြေနံ့

Saturday, August 11, 2012

အဲ့ဒီ ဝေးကွာမှု့တစ်ခုစရောက်ကတည်းက မျက်လုံးတွေကိုက်လာတယ်


အရာရာအပစ်ချခံနေရတဲ့ အခြေအနေသို့ရောက်သောအခါ
ခေါင်းစဉ်နဲ့တူသော အတွင်းစာသားတွေ
အတွင်းစာသားနဲ့တူသော ခေါင်းစဉ်တွေ
အရာရာအပြိုလဲခံ အခြေအနေသို့ရောက်သောအခါ…

လှည့်ကြည့်မနေပါနဲ့ဆိုတာပဲရေရွတ်နေမိတယ်
ဆိုလိုတာကလှည့်ကြည့်စရာမလိုအောင်ကိုဖြစ်ချင်ခဲ့တာ
လှည့်မကြည့်တာကတော့တခြားသဘောနဲ့ဖြစ်သွားတယ်
Give me all ur poison ! သတိရမိတယ်…

တကယ်ပဲပြီးရတော့မှာလား ဝေးပြီလား
နီးတော့လည်းမနီးချင်ခဲ့ပေမယ့် ဝေးတော့လည်းမဝေးချင်ခဲ့ဘူး
အတွေးတွေနဲ့ အတွေးတွေသာ သာမန်ထက်လွန်ကဲတဲ့ စိတ်တစ်ခုက
ဖုန်မှုန့်တွေကိုဖြစ်စေတယ် တစ်ခန်းလုံးအသံမထွက်တတ်တဲ့
စကားလုံးတွေရှိတယ် နားလည်ထားတဲ့ သဘောမျိုးနဲ့ပဲ
လှည့်ကြည့်မနေပါနဲ့တော့…။…။

မြေနံ့
၁၅.၇.၂၀၁၂

Saturday, March 31, 2012

တစ်ယောက်ရူးတဲ့အခါ နောက်တစ်ယောက်ကပါ လိုက်ရူးတယ်

ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုပျက်စီးလာကြပြီ
လူငယ်တွေ တက်တက်ကြွကြွနဲ့ ပိုသေကြောင်းကြံလာကြပြီ
လူကြီးတွေ သတိတရားရှိရှိနဲ့ ပိုဖျက်ဆီးလာကြပြီ
ကမ္ဘာရေ သင်နေရတာပျော်ပါရဲ့လား...

လူတွေရှိနေတဲ့နေရာတွေ လူတွေမရှိတဲ့နေရာတွေ
များများစားစားသုံးဖြုန်းနေသူတွေ များများစားစားငတ်ပြတ်နေသူတွေ
ဘာမှမဆိုင် ဘာမှမသိ ဘာမှမထိရောက် ဘာမှမလုပ်ဖြစ်သမျှတွေ
ကမ္ဘာရေ သင်ရေဓာတ်လုံလောက်ပါရဲ့လား...

သံစဉ်တွေ သံယောဇဉ်တွေ အဖိတ်အစင်တွေ
စကားလုံးတွေ သားသတ်ရုံတွေ အနုမြူနှင်းတွေ
မြေအောက်မြို့တော်အတွေးတွေ
ပြန်လည်သန့်စင်သုံးစွဲရေးလုပ်ငန်းတွေ
သဘာဝပတ်ဝန်းကျင်ဖျက်ဆီးရေးအနာဂါတ်တွေ
ကမ္ဘာရေ မကြာခင်မှာတော့ သင့်ဝဠ်ပြီးတော့မှာပါ...။ ...။

မြေနံ့
၂၅.၃.၂၀၁၂

Wednesday, March 28, 2012

ငါ့ချို့ယွင်းမှု့နဲ့ ၄၂ မှာထစ်သော

အသံနက်ကြီး...
အသံနက်နက်နဲနဲကြီးတစ်ခုကြားလိုက်ရတယ်

ဘယ်ကများပါလိမ့်...
အကူအညီတောင်းတဲ့ သဘောနဲ့လား...
ကြောက်ရွံမှု့ကို ဖော်ပြခြင်းလား...
ဒီတစ်ခုပဲ တတ်နိုင်တော့လို့လား...
နာကျင်လို့ အော်လိုက်တာလား...
အဖော်မဲ့ခြင်းကို ဖြေဖျောက်ဖို့လား...
တစ်ခုခုတော့ တစ်ခုခုပဲ အဲ့ဒီအသံက...

ရင်ထဲကိုရောက်လာတယ်
အဲ့ဒီအသံနောက်မှာ..
ရှိုက်သံတွေ ပါလာတယ်
မျက်ရည်တွေ ပါလာတယ်
တောက်ခေါက်သံတွေ ပါလာတယ်
သက်ပြင်းတွေ ပါလာတယ်
မချိရယ်သံတွေ ပါလာတယ်

ရင်ထဲမှာသိနေတယ်...
အဲ့ဒီလူ တစ်ယောက်တည်းပဲ
အဲ့ဒီလူ ခေါင်းတွေကိုက်နေတယ်
အဲ့ဒီလူ အန်ချင်နေတယ်
အဲ့ဒီလူ အမှောင်တွေထဲမှာ
အဲ့ဒီလူ ကဗျာရေးနေတယ်
ရင်ထဲမှာကြားနေတယ်...

ရင်ထဲကလာတဲ့ ရင်ထဲကအသံတစ်ခုကို...
ရင်ထဲမှာ...
  ရင်ထဲက...

မြေနံ့
၂၆.၃.၂၀၁၂

မနက်ဖြန် ၄

မနက်ဖြန်
မနက်ဖြန်ဆိုတာ
ကြက်လည်လိမ်ခံထားရသလိုမျိုးနဲ့
ဆက်နေရမယ့်နေ့တစ်နေ့လား...

မနက်ဖြန်
မနက်ဖြန်ဆိုတာ
အတွင်းသေနေတာကိုလမ်းလွဲသလိုနဲ့
ဖြစ်သလိုရယ်ပြရအုံးမယ့်နေ့တစ်နေ့လား...

မနက်ဖြန်
မနက်ဖြန်ဆိုတာ
လွန်လေပြီးတဲ့မနက်ဖြန်များစွာလို
နင်မရှိမယ့်နေတစ်နေ့လား...။...။

မြေနံ့
၂၈.၁.၂၀၁၁

မနက်ဖြန်ကိုနောက်ဆုံးမျှော်လင့်ခြင်းပါ

Saturday, February 25, 2012

ရက် ၆၀ အလို

'ဒီနှစ်ထဲမှာ ဘာမွေးနေ့လက်ဆောင်မှမလိုချင်ဘူး
တကယ်တော့ ကျွန်မအသက်ရှင်နေရတာ မတော်တဆဖြစ်မှု့သက်သက်ပဲ
အဲ့ဒီတုန်းက ကျွန်မကိုကျွန်မဖြစ်တဲ့နည်းနဲ့ ပျော်ပျော်ပါးပါး သတ်သေပစ်လိုက်မိမှာပဲ...'ဆိုပြီး
ဆစ်လ်ဗီယာရေးထားတာကစိတ်ထဲစွဲနေတယ်
သူက သူချစ်ရတဲ့သူဆီက သူ့ကိုသစ္စာမရှိတဲ့သူဆီက သူ့ကိုငြီးငွေ့သွားတဲ့သူဆီက
 မွေးနေ့လက်ဆောင်ကို သေမလို လိုချင်နေပုံပဲ
အခုနင့်မွေးနေ့ရောက်ဖို့ ရက်၆၀ပဲလိုတော့တယ်
ပြောရရင် ငါ့အတွက်တော့နင့်ရဲ့ပထမဆုံး မွေးနေ့ပေါ့...

ရှုပ်ထွေးနေတယ်နော် နင်သိထားတဲ့ ငါ့ရဲ့ပုံစံကသိပ်နားလည်ရခက်တယ်
တကယ်လည်းဘာမှန်းမသိတာတွေပဲရှိတယ်
နင့်မွေးနေ့ကျရင် နင်ငါ့ကိုသိမလား
ငါ့ဆီကတစ်ခုခုမျှော်နေမလား
ဒါမှမဟုတ် ငါက အလကားအမှိုက်ပဲဖြစ်နေမလား...

ခက်ခဲနေတယ်နင်သိထားတဲ့ ငါကရူးနေတယ်
တကယ်လည်း စိတ်မမှန်ထိန်းနိုင်တာတွေပဲရှိတယ်
ဖြစ်လာရအောင်ကော်ဖြစ်မှာလား
ဘာမှမဖြစ်သလိုပဲပြီးသွားမှာလား
လူတွေပြောသလိုပဲပြောမှာလား
လွန်နေတာကငါပဲဖြစ်မှာပါ
ဒါကလည်း အဲ့ဒီလို အသုံးမကျမှု့တွေထဲက
အသုံးမကျမှု့တစ်ခုပါပဲ...။...။

၂၃.၂.၂၀၁၁
မြေနံ့

Tuesday, February 21, 2012

ဗလာအတွေးနဲ့ဆက်ထိုင်ဖြစ်နေတယ်

ငါတို့မှာ ဘယ်လိုမှ ဟောင်းမသွားတဲ့ ဆက်နွယ်မှု့တွေရှိနေတယ်
လူတွေငါ့မျက်လုံးတွေကိုနားမလည်ကြဘူး ငါလည်းတစ်ယောက်ယောက်သိအောင်
မနေ ဖြစ်/တတ်ခဲ့ဘူး ဆာလောင်မှု့ဟာတစ်ကိုယ်လုံးကိုတုန်ရင်စေတယ်
ဟာသများစွာနဲ့ စိတ်မဲ့သလိုပဲ ထိုင်နေတယ်
ငါစိတ်ညစ်နေတယ်ထင်လို့ ဘာများစိတ်ညစ်နေသလဲလို့ ပြန်စဉ်းစားနေတာ
မျှော်လင့်နေမှု့ကဘဝတစ်ခုလုံးကိုလေးလံသွားစေတယ်...

နင်နဲ့ငါကြောက်စရာကောင်းအောင်စိတ်ချင်းတူနေတယ်
ငါကမကောင်းတာတွေပဲများများစားစားရှိ/ဖြစ်နေတဲ့သူဆိုတော့နင်ငါ့ကြောင့်ထိခိုက်သွားမှာ
မလိုလားဘူး အခုတလော နင်နဲ့ပတ်သက်လို့ငါ့စိတ်တွေ ပိုထိန်းထားချင်/ထိန်းမရဖြစ်နေ သလိုပဲ
စိတ္တဇများစွာနဲ့ ငါ ဒီအတိုင်းပဲ ထိုင်နေမိတယ်
ဘာပဲဖြစ်ဖြစ်အဆင်ပြေမှာပါ အဆင်ပြေပါလိမ့်မယ် အဆင်ပြေတယ်ပဲ ပြောဖြစ်မှာပါ
နင့်ကိုမမျှော်လင့်မိအောင်ငါ့ကိုငါသင်ပေးချင်တယ်...

နင်ဟာအကြောင်းပြချက်မဲ့စွာငါစကားပြောမိတဲ့တစ်ယောက်သာသူပဲ
ငါမသိပါဘူး ငါ့နင့်ကို ချစ်/မချစ်လားဆိုတာ နင့်ကိုပျော်စေချင်တဲ့ဆန္ဒတစ်ခုတော့ရှိပေမယ့်
အဲ့ဒါကလည်းလိုရာရောက်မရောက် မတွေးတတ်/မိဘူး
ငါလည်းငါ့ဘာသာနဲ့ပဲသွားတယ်
ထားလို့ရသမျှ မေ့လို့ရသမျှတွေ ထား/မေ့လိုက်တယ်
ငါနင့်လက်ဖမိုးလေးတွေကို နမ်းရုံလောက်လေးတော့ နမ်းချင်တယ်.....။...။

၃၁.၁.၂၀၁၂
မြေနံ့

Sunday, February 19, 2012

မီးခိုးရောင်ဟာသ

နင့်အကြောင်းပဲ ခေါင်းထဲရောက်နေလို့ ငါအိပ်ချင်လာတယ်
မျက်လုံးတွေမကြည်လင်တော့ဘူး ခေါင်းတွေကိုက်လာတယ်
ခဏခဏ သမ်းမိတော့ မျက်ရည်တွေပဲကျလာတယ်
ကျန်တာအကုန်လုံးမေ့လိုက်ချင်မိတယ်...

နင့်အကြောင်းပဲ ခေါင်းထဲရောက်နေလို့ ငါမောလာတယ်
တလွဲတွေပဲဖြစ်နေတယ် စကားလည်းမပြောချင်တော့ဘူး
ရယ်လိုက်ဖို့လည်း အဆင်မပြေတော့ ငုတ်တုတ်ပဲကြောင်နေမိတယ်
ဘာမှစိတ်ဝင်စားလို့မရတော့ဘူး...

နင့်အကြောင်းပဲ ခေါင်းထဲရောက်နေမိလို့ ငါကဗျာရေးလိုက်တယ်
သက်ပြင်းဘယ်နှစ်ခါမြောက်မှန်းမသိ ချမိတယ် ပြုံးလည်းပြုံးမိတယ်
ရူးသွပ်ပုံကထူးဆန်းတယ် သေဆုံးဖို့နီးလာတယ်
ဒါပြောစရာမရတာပဲ...။...။

၂၇.၂.၂၀၁၁
မြေနံ့

ဟာသဆန်စွာ မျက်ရည်ကျကာ ရယ်၏

လူတစ်ယောက်မှာ ဆာလောင်ခြင်းကိုဖွဲ့နွဲ့ဖို့စကားလုံးများစွာရှိနေတယ်
ဒါပေမယ့်တစ်လုံးတစ်လေမှ ထွက်မလာကျဘူး တံတွေးတွေပဲတပျစ်ပျစ်ထွေးနေတော့တယ်
ရယ်တော့လည်းရယ်ရမှာပေါ့ မစဉ်းစားတတ်ရင် ကိုအရိုးပြောသလိုပဲကျော်လိုက်ပါ…

ဖြစ်ချင်သလိုသာ ဖြစ်ပလေ့စေဆိုတဲ့အတိုင်း အဖြစ်အပျက်တွေဟာ
အစီအရီ/ကသောင်းကနင်း/မရည်ရွယ်စွာ/ခွက်ထိုးခွက်လန်/မျှော်လင့်သလို/ဟာသဆန်ဆန်  ဖြစ်/ပျက်နေတော့တယ်
ဒါပေမယ့်ထားခဲ့တယ် အဲ့ဒါတွေဟာမောင်ချောနွယ်ကဗျာတစ်ပုဒ်လောက် အရသာမရှိတာတွေလေ…

ပြောရရင်လူစော်နံတယ် သူ့မရဲ့နောက်ဆုံးအခွေသစ်က ကောင်းတော့ကောင်းပေမယ့်
ကောင်းပါတယ်လေ..အရင်လိုကတော့ အရင်အတိုင်းမဟုတ်တော့ဘူး ဆက်ပြီးပြောရရင်
ငါ/နင် မရှိတဲ့ ငါ့ကဗျာတွေဟာ… ဟာသဆန်ဆန်မျက်ရည်ကျရင်း ရယ်နေတယ်…

အဲ့ဒီလိုနဲ့ အဆုံးသတ်ဖို့ထားရင်း အဆုံးသတ်ခဲ့တယ် ဒါပေမယ့်
လူတစ်ယောက်မှာ ဆာလောင်ခြင်းကို ဖွဲ့နွဲ့ဖို့ စကားလုံးများစွာ ကျန်နေသေးတယ်
ဒါပေမယ့် တစ်လုံးတစ်လေမှ လူမြင်သူမြင် လူသိသူသိ မဖြစ်ခဲ့ဘူး…။…။

၂၅.၁၂.၂၀၁၁
မြေနံ့

Saturday, February 18, 2012

မနေ့ကသာနင်နဲ့စကားမပြောရရင် ငါ သေတော့မလို့/သေနိုင်တယ်/သေလိမ့်မယ်

ကြောင်/ခွေးလေးတွေက သူတို့ခန္ဓာကိုယ်နဲ့ သူတို့ သခင်ရဲ့အနားစွန်းတွေကို
ပွတ်တီးပွတ်သပ်လုပ်လေ့ရှိတယ် ငါနင့်မျက်လုံးတွေကိုမကြည့်ရဲဘူး
ဘယ်အချိန်များနင်ငါ့ကိုသွားတော့လို့ပြောမလဲ ဖရိုဖရဲနိုင်လွန်းနေလှတယ်
နွေးထွေးမှု့ဆိုတာပေးဖို့ကော်ရဖို့ကော်မဖြစ်နိုင်ပါလား…

တစ်ယောက်ယောက် ကိုစောင့်နေလျက်ရှိတာ/အတွက်အစာချန်ထားတာ
တိရိစ္ဆာန်တွေတောင် ချစ်မေတ္တာကိုပြဖို့မခဲယှဉ်းဘူး ငါကနင်နဲ့မထိုက်တာတော့အမှန်ပဲ
ကြာလာရင်နှာခေါင်းတော့ ရောဂါရတော့မယ် အရောင်မှိန်နှေးလွန်းလှတယ်
နင့်အကြောင်း အိမ်မက်မက်ရရင် အကုန်ကောင်းသွားတယ်…

အဲဒီလိုဖြစ်ကြောင်းကို အဲ့ဒီလိုဖြစ်စွာနဲ့ အဲ့ဒီလိုပဲပြောလိုက်ချင်တယ် ဒါပေမယ့်
လက်တွေမှာတော့ ရေပဲသောက်နေရတယ် အဲ့ဒါနဲ့ပဲမျှောချရတယ်
 ဖြစ်နိုင်ရင်တော့ ဘယ်သူမှမမြင်တဲ့နေရာမှာလေ အန်လိုက်ချင်တယ်
နင့်ဆီကတော့ ပျော်ရွှင်မှု့ကိုမျှော်လင့်နေမိတယ်ဆိုတဲ့စကားလေးကို…။…။

၂၂.၁.၂၀၁၂
မြေနံ့

Saturday, February 11, 2012

တစ်ယောက်တည်း (ယဉ်) နေတဲ့စိတ်ကူး

ဘာပြောရမှန်းမသိဘူး … ငါ့ကိုတစ်ခုခုမပြောခိုင်းပါနဲ့
ငါ့ရင်ထဲမှာစုတ်ပြတ်ကွဲကြေနေတယ်… ငါ့ကိုတစ်ခုခုပြောဖို့မခိုင်းပါနဲ့…

စိတ်ကူး(ယဉ်)နေမိတဲ့အချိန် ပြုံးနေမိတယ်
စိတ်ကူးရုံပဲဆိုတာ သတိထားမိတော့ အရာရာရပ်တန့်ပြန်တယ်…

အိပ်မပျော်ဘူး တဂျောက်ဂျောက် နာရီသံက စိတ်ရှုပ်ဖွယ်ပဲ
တကယ်တော့ သူ့ရဲ့ ထုံးစံအသံကို အပိုလုပ်ခံစားနေမိတဲ့ ငါကိုက ေ-ာက်ပြဿနာ…

ခေါင်းအုံးကို သူ မတို့ထိရဲ့ခဲ့တဲ့ ဆံပင်နီညီမလေးအဖြစ်
စွဲထင်ပွေ့လိုက်လို့တဲ့လား ဆစ်လ်ဗီယာ…

ဒါဆို ငါ့ခေါင်းအုံးတစ်နေရာက ငါ မတို့ထိရဲခဲံ့တဲ့
ငါနမ်းရှိုက်ချင်ခဲ့တဲ့ သူ့ရဲ့ပါးပြင်တွေပေါ့…

အမှောင်ထုက စာရွက်လှန်သံကိုတောင်ကျယ်လောင်စေတယ်
စကားလုံးတွေသေကုန်ကြတယ် စကားလုံးတွေ အသက်မရှုတော့ပြီပဲလေ….။…။

မြေနံ့
၁၅.၉.၂၀၁၁

လူနာ

အိပ်ရာထက်မှာ သူဟာတွန့်ကြေလို့နေတယ် သူဟာစောင်အိုလေးတစ်ထည်ပါ
ရိပြဲနေတဲ့နေရာတွေများလို့ အသားစတွေလည်းစုတ်နေခဲ့ပါပြီ
သူဘယ်လိုပဲ ကြိုးစားပေမယ့် ဘယ်သူ့ကိုမှ အနွေးဓာတ် လုံလုံလောက်လောက်မပေးနိုင်တော့ဘူးလေ
မကြာခင်သူဟာ စွန့်ပစ်ခံရတော့မယ့် စောင်အိုလေးပါ....

ခွက်လေးတစ်ခွက်ထဲမှာသူ့ရပ်တည်မှု့ကဖရိုဖရဲနိုင်လွန်းတယ် သူဟာသွားပွတ်တံဟောင်းလေးတစ်ချောင်းပါအသုံးပြုခံအချိန်တွေများလို့ အတွေးစတွေလည်း တုံးဖွာနေခဲ့ပါပြီ
သူဘယ်လိုပဲ ဆန္ဒရှိပေမယ့် ဘယ်သူ့ကိုမှ သန့်စင်ခြင်းကိုမပေးနိုင်တော့ဘူးလေ
မကြာခင်သူဟာ မေ့လျော့ခံရတော့မယ့် သွားပွတ်တံဟောင်းလေးပါ...

တိတ်ဆိတ်ခြင်းတေးသွားနဲ့ သူဟာစိတ်ပျောက်လို့နေတယ် သူဟာလူနာတစ်ယောက်ပါ
လျော့တိလျော့ရဲ အပြုံးတွေများလို့ စကားစတွေလည်း ကြေမွနေခဲ့ပါပြီ
သူဘယ်လိုပဲ ပြောချင်ပေမယ့် ဘယ်သူ့ကိုသူရှိကြောင်းမသိစေနိုင်တော့ဘူးလေ
မကြာခင်သူဟာ လောင်မြိုက်ခံရတော့မယ့် လူနာပါ....။....။

မြေနံ့
၇.၁၂.၂၀၁၁

Saturday, February 4, 2012

ရေဓာတ်ဆုံးရှုံးမှု့

ကျုပ်ကစကားနည်းတယ်တဲ့လား
ဟုတ်မှာပါ ဒါပေမယ့် တကယ်တော့
အရင်က ကျုပ်လျှာသိပ်ရှည်တာပါ
အပယ်ခံရတာတွေများလာတော့
ရင်ထဲမှာပဲစကားတွေသိမ်းဆည်းရင်းနဲ့
ကျုပ် လူလိုသူလိုကို စကားမပြောတတ်တော့တာ
စကားတစ်ခွန်းပြောဖို့ အကြာကြီး စဉ်းစားနေမိတာ
စာရွက်ပေါ်မှာပဲ စကားလုံးတွေ အန်မိတော့တာ
အဲ့ဒီလိုကျုပ်ကိုလာမကြည့်ပါနဲ့
လူတိုင်းကိုယ့်ခံယူချက်နဲ့ကိုယ်ပဲ ဟုတ်တယ်မလား
ကျုပ်ကိုရယ်ပြရင် ကျုပ်ပြန်ပြုံးပြလိုက်မယ်
ကျုပ်ကိုမဲ့ပြရင် ကျုပ်မျက်နှာလွှဲနေလိုက်မယ်
ဒီလိုပဲပေါ့ လူတွေနဲ့ ရှင်သန်ရတာ အလိုက်အထိုက်ပေါ့
ဒါပေမယ့် နေရာတိုင်း အချိန်တိုင်းမှာတော့
ဘယ်ဖြစ်နိုင်ပါ့မလဲ လူတိုင်းအတွက်လည်းဘယ်ဟုတ်နိုင်ပါ့မလဲ
တချို့ တချို့ တွေက……………………………..
မပြောတော့ပါဘူးလေ..
တော်ကြာအပယ်ခံနေရအုံးမယ်…။…။

မြေနံ့
၁၂.၄.၂၀၁၀

တစ်နေရာတည်းသို့

သူတို့လက်ခံထားတဲ့အမှန်တရားတွေက
ငါခံစားမိတဲ့အမှန်တရားနဲ့ဝေးတဲ့အခါ
ငါပြောသမျှဟာသူတို့နားထဲမှာခါးလို့
ငါ့ကိုဂွကျတဲ့လူဆိုတဲ့ခေါင်းစဉ်တပ်တယ်...

သူတို့ဟာအပေါ်ယံအရေခွံကိုပဲသုံးလေ့သုံးထရှိပြီး
ငါကသွေးကြောထဲကစကားကိုပဲကြားယောင်တတ်တဲ့အခါ
ငါ့အပြုအမူမှန်သမျှဟာသူတို့မျက်စိထဲမှာကန့်လန့်ဖြစ်လို့
ငါ့ကိုလူတောမတိုးတဲ့သူဆိုတဲ့နာမည်ပေးခဲ့တယ်...

သူတို့ငါ့မျက်ရည်တွေကိုနားလည်မပေးပဲ
ငါ့ဒဏ်ရာတွေကိုတန်ဖိုးဖြတ်တဲ့အခါ
ငါ့ရင်ခုန်သံတွေဟာသူတို့အတွက်ရိုင်းစိုင်းလွန်းနေလို့
ငါ့ကိုတိရိစ္ဆာန်တစ်ကောင်အဖြစ်နဲ့ထားခဲ့ကြတယ်...

အားလုံးကို အားလုံးအတွက် ကျေးဇူးပဲ..။...။

မြေနံ့
၇.၈.၂၀၁၀

Friday, February 3, 2012

လက်ကိုင်စာတန်း


ခက်ပြီ ခင်ဗျားတို့ကို ကျုပ်ကရူးနေပါတယ်လို့
ပြောတုန်းကတော့ ရယ်စရာအဖြစ်သဘောထားကြတယ်
အခု ကျုပ်အရူးတစ်ယောက်လိုနေထိုင်တော့မှ
မင်းရူးနေလားလို့ လာမေးကြတယ်
ကျုပ်အစကတည်းကပြောပြီးပါပကော်
ကျုပ်စိတ်မမှန်ဘူးလို့လေ…

လုပ်ပြီ ခင်ဗျားတို့ကို ကျုပ်ကလူမဟုတ်ပါဘူးလို့
ပြောတုန်းကတော့ ဘာမှမဟုတ်သလိုသဘောထားကြတယ်
အခု ကျုပ်လူမဆန်တဲ့အပြုအမူတွေလုပ်တော့မှ
မင်းလူမဟုတ်ဘူးလားလို့ လာမေးငေါ့ကြတယ်
ကျုပ်အစကတည်းကကြောငြာပြီးပါပကော်
ကျုပ်ကမကောင်းဆိုးဝါးပါလို့လေ…

သွားပြီ ခင်ဗျားတို့ိကို ကျုပ်ကမချစ်တတ်ပါဘူးလို့
ပြောတုန်းကတော့ မယုံသလိုလို ဘာလိုလိုနဲ့
အခု ကျုပ်အေးစက်စက်နေတော့မှ
မင်းနှလုံးသားမရှိဘူးလားလို့ လာရှည်ကြောနေတယ်
ကျုပ်အစကတည်းက ဝန်ခံပြီးပါပကော်
ကျုပ်လူတွေကိုမုန်းတယ်လို့…။…။

မြေနံ့
၁၅.၄.၂၀၁၀

Wednesday, February 1, 2012

သူနဲ့နံရံ

မျက်လုံးတွေဖွင့်လိုက်တိုင်းမြင်နေရတာနံရံပဲ
သူအရှေ့ကြည့်တယ် ပြီးတော့လက်ဝဲဘက်ကိုကြည့်တယ်
ပြီးတော့အနောက် ပြီးတော့လက်ယာဘက်…

လူတစ်ယောက် ဒီမြင်ကွင်းတွေနဲ့သာလူတစ်ယောက်
ကိုယ်ကျိုးကနည်းနည်း အများအတွက်ပိုလွန်းတဲ့လူတစ်ယောက်
အခုတော့သံကြိုးတွေနဲ့အချုပ်အနှောင်ခံလို့…

သူမှားခဲ့တာဘာများပါလိမ့် သူ့အပေါ်စွဲချက်တွေက
သူ့ရဲ့ဖြေရှင်းချက်တွေကိုပိတ်လို့
သူ့ရဲ့ယုံကြည်ချက်တွေကို အကျဉ်းချခဲ့တယ်…

အရူးလို့အပြောခံ လူမိုက်လို့အပြောခံ ဒါပေမယ့်
အနာဂါတ်ကိုသာ သူမျှော်ကြည့်လို့
သူဟာဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး…

မျက်လုံးတွေဖွင့်လိုက်တိုင်း မြင်နေရတာနံရံပဲ
ဒါပေမယ့်သူဘယ်တော့မှအရှုံးမပေးဘူး…။…။

(ယုံကြည်ချက်ဖြင့် အကျဉ်း/အရူး/အိမ်/ခြင် ထောင် အစရှိသဖြင့် ရောက်နေသူများကို ရည်ရွယ်လိုခြင်း)

မြေနံ့
၁၀.၁၂.၂၀၁၁

မန့်အချုပ်

အသံတစ်သံ
လှုပ်ရှားမှု့ပြုလုပ်တိုင်း
ငါ့ကိုယ်ထဲကနေငါပြန်ကြားနေရတယ်
ငါ့ကိုနာကျင်စေခြင်းအလိုငှာ
ငါ့ကိုယ်ငါပြန်မီးရှို့နေတာပဲ…

ေ၀ဝါးနေမှု့တွေ
ဘယ်အရာကိုကြည့်ကြည့်
မမြင်တော့သလိုပဲ
ငါ့ကိုမှောင်မိုက်စေခြင်းအလိုငှာ
ငါ့ကိုယ်ငါပြန်ချောက်ကျနေတာပဲ…

ဒီအတိုင်းပဲ
အချိန်တွေသာပြောင်းလဲတယ်
ငါကဒီအတိုင်းပဲ
ငါ့ကိုစကားလုံးမဲ့စေခြင်းအလိုငှာ
ငါ့ကိုယ်ငါပြန်သော့ခတ်နေတာပဲ…။…။

မြေနံ့
၆.၃.၂၀၁၁

၁၈ခါမြောက်


စိတ်ဝင်စားဖို့ကောင်းလွန်းနေခဲ့ပါတယ်
ဘာမှတကယ့်ကိုနားမလည်လို့…..

သန့်စင်လွန်းတာတွေကိုငြင်းပယ်တယ်
ပျော်ဝင်ချင်တာမီးခိုးကတ္တရာတွေပဲ…..

အလေအလွင့်မျောနေတဲ့သူကသေသွားပြီ
ငါကိုယ်တိုင်လောင်ကျွမ်းစေခဲ့တာ…..

ဘာလို့ဘာမှမပြောနိုင်တာလဲ အဲ့ဒီလိုပဲလား
အန်လိုက်မယ် အရေခွံကိုချွတ်လိုက်ပါ…..

မကြည့်နဲ့ မဆိုင်ဘူး အလကားပဲ
အဲ့ဒါကပျော်စေရင် အဲ့ဒီလိုသာနေလေ…..

ကြားခံအရာအဖြစ်နဲ့ဲပဲလား စကျင်ကျောက်သားဖြူ
ခြားထားတဲ့စည်းကို ဘယ်တော့မှမကျော်ဘူးပေါ့…..

ဟုတ်လိမ့်မယ် အရာရာက ကျမ်းကိုးအတိုင်းဆိုတာလေ
စကားလုံးမဲ့နေတဲ့ ပုံစံပျက်တိရိစ္ဆာန်…..

မနက်ဖြန်တိုင်းကို ဆုတ်ဖြဲလိုက်မယ်
နင့်ဆီရောက်မယ့်နေ့မတိုင်ခင်အထိ…..

လုံးဝစိတ်ဝင်စားစရာမကောင်းပါဘူး
ဘာမှတကယ့်ကိုနားမလည်လို့…။...။

မြေနံ့
၁၄.၈.၂၀၁၁

Saturday, January 28, 2012

သေချင်နေတဲ့ သူကို လွတ်ထားလိုက်ပါတော့...

အရမ်းနာကျင်မိတော့ အရမ်းတိတ်ဆိတ်သွားတယ်
စုတ်ပြတ်ရှုပ်ပွနေတဲ့ စာရွက်တွေ ပြန်အတွေးပွားနေတယ်
ရူးတော့မှာပဲ နင်ငါ့ကို စိတ်မကြည်ဖြစ်နေတယ်...

ရုတ်တရက်နဲ့ စကားလုံးတွေ ပျောက်သွားတယ်
အံကြိတ်ထားတဲ့ အတွေးတွေ ပြန်ဆို့နင့်နေတယ်
အန်မိတော့မယ် ငါ့ရင်ထဲမှာ ဗလာဖြစ်လွန်းနေတယ်...

အပူအပင်တွေမရှိသလို အပူအပင်တွေဖွက်ထားသလို
အလှောင်ခံနေရတဲ့ ဆို့နင့်မှု့တွေ ပြန်ကိုက်ခဲနေတယ်
ပြီးသွားရင်.... စပြီးမျောတော့တယ်...။...။

မြေနံ့
၂၂.၁.၂၀၁၂

Saturday, January 21, 2012

ဆိုင်ယာနိုက်လျှာ


အပြင်ရောက်သွားတယ်
နာရီလည်းဓာတ်ခဲ ထည့်ပြီးသုံးရတာပဲ
လိမ်လိမ်မာမာနေဖို့ပြောတာ အပြစ်လား
နင်ထင်နေတာတွေက နင့်အထင်တွေပါပဲလေ…။

ဒီအတိုင်းပဲ ထိုင်နေမိတယ်
မလိုချင်တာနဲ့ ကွယ်သွားရော်လား
ရှုပ်ထွေးနေတယ်ဆိုတာ ခံစားမှု့အစစ်တွေလေ
နင်နားမလည်တာက ငါ့စဉ်းစားမှု့တွေပဲ….။

ဘာမှမဟုတ်တာ သိနေခဲ့တယ်
ညံဖျင်းမှု့တွေနဲ့ အသက်ဆက်တယ်
နင့်စိတ်ကုန်မှု့တွေထဲ ပျောက်ဆုံးသွားပြီ…။

မြေနံ့
၂၅.၃.၂၀၁၁

ပြဿနာ


တကယ်တော့အားလုံးဟာ
စောက်သုံးမကျတာချည်းပဲ
မိုးသက်ဟန်ပြောသလို ချိုကျိုးနားရွက်ပဲ့တွေပဲ…။
တကယ်တော့အားလုံးဟာ
လွဲမှားနေတာချည်းပဲ
ရယ်တာလား ငိုတာလား ပြုံးတားလား မဲ့တာလား မကွဲဘူး…။
တကယ်တော့အားလုံးဟာ
ဘာဆို ဘာမှ မဟုတ်တာတွေပဲ
ဒီကြားနေရတဲ့ သီချင်းသံကော် ဒီကဗျာကော်
ဒီကဗျာကိုရေးနေတဲ့ သတ်မှတ်ချက်ပျောက်သတ္တဝါကော်
သူ့ကိုကဗျာရေးစေတဲ့အကြောင်းတရားတွေကော်
တကယ်တော့အားလုံးသိကြသလိုပဲ
အားလုံးမသိကြဘူးပေါ့…။

မြေနံ့
၁.၂.၂၀၁၁

Friday, January 20, 2012

သူက အရုပ်လေး ကသူ

သူမျက်ရည်ကျနေတယ်
အရုပ်လေးကို သူမေ့လိုက်/ဖျက်ဆီး/ထားခဲ့ရတော့မယ်
ဒါပေမယ့် သူမျက်ရည်ကျနေတာ အရုပ်လေးအတွက် မဟုတ်ပါဘူး
အရုပ်လေးရဲ့ အရုပ်လေးကြောင့်ပါ
အရုပ်လေးရဲ့ အရုပ်လေးကိုသိပ်စိုးရိမ်မိတယ်
အရုပ်လေးမရှိတော့ရင်
အဲ့ဒီအရုပ်လေးရဲ့ အရုပ်လေးက ဆက်ရှင်သန်နိုင်ပါ့မလား
အရုပ်လေးကို သူမြေမြုပ်လိုက်ရင်
အရုပ်လေးရဲ့ အရုပ်လေးက ငိုနေမလား
ဒါပေမယ့် သူမှားယွင်းစွာ ပူပန်နေမိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်
အရုပ်လေးနဲ့ အရုပ်လေးရဲ့ အရုပ်လေးနဲ့ ဆက်နွယ်မှု့ကို
သူသေချာ မ သိ/တွေးမိပါဘူး
တွေးလို့လည်းမရခဲ့ပါဘူး
အရုပ်လေးနဲ့ အရုပ်လေးရဲ့ အရုပ်လေးနဲ့ ဆက်နွယ်မှု့ကို
တကယ်တော့ သူသိလည်း သိချင်နေတယ်
အရုပ်လေးအပေါ်မှာထားတဲ့ အရုပ်လေးရဲ့ အရုပ်လေးရဲ့စိတ်က
အရုပ်လေး မရှိတော့ရင်တော့ ပေါ်လာမှာပါပဲလေ
သူမျက်ရည်ကျနေတယ်
အရုပ်လေးကို သူမေ့လိုက်/ဖျက်ဆီး/ထားခဲ့ရတော့မယ်
အရုပ်လေးရဲ့ အရုပ်လေး ပျော်နေနိုင်ဖို့မျှော်လင့်ပါတယ်…။

မြေနံ့
၁၈.၉.၂၀၁၁

Sunday, January 15, 2012

စကားပြောရမှာ ကြောက်တယ်...

ငါစကားပြောဖို့ မသင့်တော့ဘူး
တစ်ခွန်းပြောတော့ ငါ့အမှားဖြစ်တယ်
နောက်တစ်ခွန်းကျတော့ ငါ့အလွန်ဖြစ်တယ်
နောက်တစ်ခွန်းကျတော့ ငါကျေးဇူးကန်းတယ်ပြောတယ်
နောက်တစ်ခွန်းကျတော့ ငါ့ကိုယ်ငါ့သတ်သေချင်မိတယ်...

ငါစကားပြောဖို့ မဖြစ်တော့ဘူး
အမှောင်ထဲမှာ အမှောင်တွေနဲ့ မှောင်သွားတယ်
နောက်အမှောင်ထဲမှာ ရယ်သံတွေနဲ့အေးစက်လာတယ်
နောက်အမှောင်ထဲမှာ မျက်ရည်တွေနဲ့ပြုံးမိလာတယ်
နောက်အမှောင်ထဲမှာ ဆာလောင်မှု့တွေနဲ့အတူ သတ်ပစ်ချင်လာတယ်...

ငါစကားပြောဖို့မရတော့ဘူး
စာရွက်တွေပေါ်မှာပဲ စကားလုံးတွေရှိတော့တယ်
နောက်စာရွက်တွေပေါ်မှာပဲ အချစ်တွေရှိတော့တယ်
နောက်စာရွက်တွေပေါ်မှာပဲ  စိတ်ရှိတော့တယ်
နောက်စာရွက်တွေပေါ်မှာပဲ အားလုံးပြီးဆုံးသွားတော့တယ်...

ငါစကားပြောချင်တယ်...။...။

မြေနံ့
၁၄.၁.၂၀၁၂

Saturday, January 14, 2012

အပြုံး...

လူတွေက ငါတွေးထားသလို အပြုအမူတွေလုပ်တော့ ငါပျင်းရိစွာပြုံးတယ်...
လူတွေက ငါမမျှော်လင့်ထားတဲ့ အမူအရာတွေပြတော့ ငါဝမ်းနည်းစွာပြုံးတယ်...
လူတွေက ငါ့ဆန္ဒကို ခလုတ်တိုက်သဘောနဲ့ကြည့်တော့ ငါစိတ်ရူးပေါက်ပေါက်နဲ့ပြုံးတယ်...
လူတွေက ငါ့သဘောကို ရှိတယ်လို့တောင်မထင်တော့ ငါစိတ်ဓာတ်ကျကျနဲ့ပြုံးတယ်...
လူတွေက ငါ့မြိုချသံကို မထိတထိလှောင်တော့ ငါလူသတ်ချင်စိတ်နဲ့ပြုံးတယ်...
လူတွေက ငါ့အိပ်ပျက်မျက်တွင်းတွေကို သနားသလိုနှာခေါင်းရှုံတော့ ငါရှောင်ဖယ်ပြီးပြုံးတယ်...
လူတွေက ငါ့ပုပ်ပွဒဏ်ရာတွေကို မသတီစရာမြင်တော့ ငါသံဝေဂရသလို ပြုံးတယ်...
လူတွေက ငါ့အခန်းဖုန်မှုန့်တွေကို စိတ်မရှည်သလိုခေါင်းခါတော့ ငါစိတ္တဇလိုပြုံးတယ်...
လူတွေက ငါ့ပေါ့တီးပေါ့ဆမှု့တွေကို ရယ်သံနဲ့ချေဖျက်တော့ ငါအားနာစိတ်နဲ့ပြုံးတယ်...
လူတွေက ငါ့အခိုးအငွေ့တွေကို မသက်သာစွာဘေးတိုးတော့ ငါအပြစ်မလုံစိတ်နဲ့ပြုံးတယ်...
လူတွေက ငါ့ဖြည်းဆည်းမှု့တွေကို ရောဂါဆန်းလိုသတ်မှတ်တော့ ငါမသိချင်စွာပြုံးတယ်...
လူတွေက ငါ့ပျော်ရွှင်ချင်စိတ်တွေကို စကားလုံးတွေနဲ့ဖို့လိုက်တော့ ငါသတ်သေချင်စွာပြုံးတယ်...။...။

မြေနံ့
၁၄ .၁ .၂၀၁၂

မီးရှို့နေချိန်

တော်ပါ နင်ငါ့ကို ဘယ်တုန်းကများ
အရာရောက်သလို ဆက်ဆံဖူးလို့လဲ
ဟိုလိမ့် ဒီလိမ့်နဲ့ စဉ်းစားမိတာက
မေ့လျော့ခြင်းတွေပေါ့
အဲဒါက အချစ်ကဗျာရေးရမှာကို
တစ်မျိုးဖြစ်နေခြင်းကြောင့်ပေါ့
ဒီလိုကွဲကွဲပြားပြားစီရေးထားခြင်းအားဖြင့်
မသေချာ မရေရာတာကတော့
ကိုယ်မပိုင်တဲ့ ကိုယ်နှလုံးသား
လှုပ်ရှားမှု့မဲ့လျက်
နင့်ကိုခံစားနေတယ်ဆိုတာပဲ…။

မြေနံ့
၂.၁.၂၀၁၁

ရှေ့မရောက်သောအကြောင်း

အရပ်က ဘယ်လိုလုပ်ထပ်ရှည်လိမ့်မလဲ
အစားအသောက်ကျတော့
အချိန်မှန်မှန် အာဟာရရှိရှိမစားပဲနဲ့…

ခန္ဓာကိုယ်က ဘယ်နဲ့ ထပ်ကြီးပါလိမ့်မလဲ
ညဘက်ကော် နေ့ဘက်ကော်
ကောင်းကောင်းမွန်မွန် မအိပ်ဖြစ်ပဲနဲ့…

စိတ်က ဘယ်လိုလုပ်အသက်ရှိပါ့မလဲ
ဟိုနားဖြစ်ဖြစ် ဒီနားဖြစ်ဖြစ်
အပြင်ရောက်ပြီး လူလိုသူလိုမရှိပဲနဲ့…။…။

မြေနံ့
၁၄.၁.၂၀၁၂

မသေမရှင်ဖြစ်မှု့

အခု အလင်းခပ်တိုတိုပဲရတဲ့
အခန်းထဲက ကုတင်ပေါ်မှာထိုင်နေတယ်...
ဆစ်လ်ဗီယာ ပလာသ့်ရှိတယ်...
ဂစ်တာအစုတ်တစ်လုံးရှိတယ်...
ဗုံးတွေ ကိုယ်စီကိုင်ထားကြတဲ့
greeen day ဝိုင်းတော်သားတွေရှိတယ်...
ဟိုလူအားနာ ဒီလူအားနာနဲ့ နေခြောက်လှန်းခံရလို့
ကိုက်ခဲနေတဲ့ ခေါင်းတစ်ခြမ်းရှိတယ်...
တိမ်မရှိတဲ့ကောင်းကင်ကြီးကိုငေးဖို့
ပြတင်းပေါက်တစ်ခြမ်းရှိတယ်...
ကပ်ချင်တဲ့နေရာကို လျှောက်ကပ်တတ်တဲ့
သတိရစိတ်ကြောင့် တစ်ဝက်ပဲပြုံးတဲ့နှုတ်ခမ်းတွေရှိတယ်...
တံတွေးတွေပြန်မျိုချတဲ့ ပါးစပ်
မျက်ရည်တွေပြန်မျိုချတဲ့ မျက်လုံး
ခံစားမှု့တွေပြန်မျိုချတဲ့ နှလုံးသားလည်းရှိတယ်...
မဏိစန္ဒာ သီချင်းသံကြားနေရတယ်...
ခင်ဦဲးလို့ပဲခေါ်လိုက်မယ်
ခင်ဦးရေ မင်းရဲ့စိတ္တဇဖြစ်မှု့တွေနဲ့ထပ်တူ
မင်းကျန်စစ်လည်း မေးခွန်းတွေနဲ့ အဖြေမဲ့နေမှာပါ…။...။

မြေနံ့
၅.၂.၂၀၁၁

စည်းအပြင်က


လူတွေရယ်တာကို လိုက်မရယ်လို့
လူတွေမုန်းသလို မမုန်းတတ်လို့
လူတွေသဘောကျတာကို မတွေ့လို့
လူတွေရွံတာကို သာမန်ပဲသဘောထားလို့
စည်းအပြင်ကလူဆိုတာပေါ့…။

စကားလုံးတွေနဲ့ဘယ်လိုသရုပ်ဖော်မှာလဲ
ဘယ်အရာကသိစေမှာလဲ
ဘာမှစိတ်မပါဝင်/ရှိခြင်းကို
လူတွေနားလည်ထားသလို
အလွယ်သဘောနဲ့ပျင်းတယ်လို့ပဲသုံးတယ်…။

ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်
ဘာမှမရှင်းလင်းတာပဲ
စိတ်မကောင်းခြင်း အထိမ်းအမှတ်နဲ့
တစ်သက်လုံးငြိမ်သက်နေမိတယ်
တစ်ခုခုဖြစ်သွားဖို့
ငါ…မရှိတော့ဘူး…။

မြေန့ံ့
၁၆.၆.၂၀၁၁

ရယ်ရခြင်းများ

ရယ်ရတယ်
ငိုစရာတွေကလည်း ရယ်ရတယ်
သနားတယ်ဆိုတာကလည်း ရယ်ရတယ်
ဒိုင်ယာရီတွေဖြဲပစ်လိုက်တာကလည်း ရယ်ရတယ်
စောက်သုံးမကျဘူးဆိုတာကလည်း ရယ်ရတယ်
အတည်တကျမရှိတဲ့တိမ်တွေကလည်း ရယ်ရတယ်
အပယ်ခံရတဲ့ခံစားမှု့တွေကလည်း ရယ်ရတယ်
စည်းချက်မရှိတဲ့သံစဉ်တွေကလည်း ရယ်ရတယ်
ဖြစ်လာမှမဟုတ်တဲ့မျှော်လင့်ချက်ကလည်း ရယ်ရတယ်
ရှုပ်ပွစုတ်ပြတ်ခြင်းကလည်း ရယ်ရတယ်
တစ်ယောက်တည်းသေရတာကလည်း ရယ်ရတယ်
အဲ့ဒီလိုနင်ထင်တာကလည်း ရယ်ရတယ်
အနက်ရောင်မျက်ဝန်းတွေကလည်း ရယ်ရတယ်
ဘယ်သူမှမသိတာကလည်း ရယ်ရတယ်
အချစ်ဆိုတာကတော့
အရယ်ရဆုံးပဲပေါ့…။

မြေနံ့
၁၃.၁၁.၂၀၁၀

ညီမျှခြင်းရဲ့တစ်ဖက်က


နင့်ကြောင့်ငါသေခြင်းတရားကို
ပိုခုံမင်လာတယ်
နင့်ကြောင့်ငါခြင်ထောင်အမိုးကို
ပိုငေးဖြစ်လာတယ်
နင့်ကြောင့်င့ါမျက်ကွင်းတွေ
ပိုညိုလာတယ်
ပျော်စရာကြီးပဲနော်…။

နင့်စကားတွေကရည်ရွယ်နေတာ
ငါမဟုတ်မှန်းငါသိတယ်
ခပ်ဝေးဝေးကိုသွားဖို့နင်လိုနေတာ
ငါမဟုတ်မှန်းငါသိတယ်
နင့်အတွက်တော့ငါဟာ
ဘာမှမဟုတ်မှန်းငါသိနေတယ်
ပျော်စရာကြီးပဲနော်…။

ရယ်တာကလည်း
ရယ်တာမဟုတ်တော့ဘူး
ပြုံးတာကလည်း
ပြုံးတာမဟုတ်တော့ဘူး
ရှင်တာကလည်း
ရှင်တာမဟုတ်တော့ဘူး
ပျော်စရာကြီးပါပဲ…။

မြေနံ့
၆.၂.၂၀၁၁

အတွင်းသေ သဘောမျိုးနှင့်


ဘာတွေလုပ်နေသလဲလို့ သူမေးတဲ့အခါ ဘာမှမလုပ်ပါဘူးလို့ပြန်ဖြေလိုက်ရင်
အဲ့ဒါဟာ ယုတ္တိမရှိတာပဲလို့ သူပြောတယ်
တစ်ခုခုတော့ ငါလုပ်နေတာပေါ့ ဒါပေမယ့် အဲ့ဒီတစ်ခုခုက
ငါတစ်ခုခုလုပ်နေပါတယ်လို့ သူ့ကိုပြောရလောက်တဲ့အထိဖြစ်စေတဲ့ တစ်ခုခုမှမဟုတ်တာ
သူပြောနေကျလိုမျိုး အမှန်အတိုင်းပြောရရင်ဆိုတာလေးကို ကြားခံပြီးပြောရရင်တော့
ငါသူ့ကိုစောင့်နေတာပဲ ဒါပေမယ့်အဲ့ဒီလိုပြောလို့မှမရပဲ အဲ့ဒီတော့ ဘာမှမလုပ်ပါဘူးလို့ပဲငါပြောမယ်
သူတစ်မျိုးထင်ထင် နှစ်မျိုးထင်ထင် သုံးမျိုးထင်ထင်
ငါ့မှာအဲဒီစကားကလွဲလို့ တခြားပြောစရာမရှိဘူး…။

အဆင်ပြေရဲ့လားလို့ သူစကားစတဲ့အခါ အေးဆေးအားလုံးအိုကေလို့ပြောလိုက်ရင်
နင်အမြဲတမ်း ဒါပဲပြောနေတာပဲလို့ သူပြန်တုံပြန်မယ်
ဘယ်လိုလုပ်ငါအဆင်ပြေနိုင်မလဲ ဒါပေမယ့် အဲ့ဒီစကားက
သူ့ကိုအတွေးများစေမယ့် ငါ့ကိုသူပိုမြင်သွားစေမမယ့်် စကားဖြစ်နေတယ်
တကယ်တော့ဆိုပြီးသူသုံးနေကျစကားလေးကို ရှေ့ထားပြီးပြောရရင်တော့
နင်မရှိတဲ့ငါ့မှာ ဘာမှမရှိဘူးလို့ပြောချင်တာ့ပေါ့ ဒါပေမယ့် မဖြစ်ပါဘူးလေ ဒါကြောင့်အိုကေတယ်ပဲပြောမယ်
သူစောက်ရူးလို့ထင်ထင် စောက်ပိန်းလို့ထင်ထင် စောက်ကြောင်လို့ထင်ထင်
ငါ့မှာပြောစရာရှိတာ ဒါပါပဲလေ…။

မြေနံ့
၁၆.၁၂.၂၀၁၀

Friday, January 13, 2012

အမှိုက်ရှင်းခြင်း

ရှုပ်ပွနေတယ်တဲ့လား
ငါဘယ်တုန်းကအစီအစဉ်ကြဖူးလို့လဲ
မုန်းတယ် နင့်ကိုငါမုန်းတယ်
နင့်အကြောင်းမတွေးပဲ မရေးပဲ မပြောပဲ
မနေနိုင်တဲ့ ငါကိုငါလဲမုန်းတယ်...

ဘာလို့လွဲမှားနေတဲ့ငါ့ကိုမှ
နင်ထပ်လှည့်ချင်ရတာလဲ
သေလိုက်တော့ နင့်ကိုငါကိုယ်တိုင်သတ်မယ်
နင့်ကိုမတွေ့ရရင် သေချင်နေတဲ့
ငါ့ကိုငါလဲသတ်မယ်...။....။

မြေနံ့
၉.၁၁.၂၀၁၁