သူတို့လက်ခံထားတဲ့အမှန်တရားတွေက
ငါခံစားမိတဲ့အမှန်တရားနဲ့ဝေးတဲ့အခါ
ငါပြောသမျှဟာသူတို့နားထဲမှာခါးလို့
ငါ့ကိုဂွကျတဲ့လူဆိုတဲ့ခေါင်းစဉ်တပ်တယ်...
သူတို့ဟာအပေါ်ယံအရေခွံကိုပဲသုံးလေ့သုံးထရှိပြီး
ငါကသွေးကြောထဲကစကားကိုပဲကြားယောင်တတ်တဲ့အခါ
ငါ့အပြုအမူမှန်သမျှဟာသူတို့မျက်စိထဲမှာကန့်လန့်ဖြစ်လို့
ငါ့ကိုလူတောမတိုးတဲ့သူဆိုတဲ့နာမည်ပေးခဲ့တယ်...
သူတို့ငါ့မျက်ရည်တွေကိုနားလည်မပေးပဲ
ငါ့ဒဏ်ရာတွေကိုတန်ဖိုးဖြတ်တဲ့အခါ
ငါ့ရင်ခုန်သံတွေဟာသူတို့အတွက်ရိုင်းစိုင်းလွန်းနေလို့
ငါ့ကိုတိရိစ္ဆာန်တစ်ကောင်အဖြစ်နဲ့ထားခဲ့ကြတယ်...
အားလုံးကို အားလုံးအတွက် ကျေးဇူးပဲ..။...။
မြေနံ့
၇.၈.၂၀၁၀