လူတစ်ယောက်မှာ ဆာလောင်ခြင်းကိုဖွဲ့နွဲ့ဖို့စကားလုံးများစွာရှိနေတယ်
ဒါပေမယ့်တစ်လုံးတစ်လေမှ ထွက်မလာကျဘူး တံတွေးတွေပဲတပျစ်ပျစ်ထွေးနေတော့တယ်
ရယ်တော့လည်းရယ်ရမှာပေါ့ မစဉ်းစားတတ်ရင် ကိုအရိုးပြောသလိုပဲကျော်လိုက်ပါ…
ဖြစ်ချင်သလိုသာ ဖြစ်ပလေ့စေဆိုတဲ့အတိုင်း အဖြစ်အပျက်တွေဟာ
အစီအရီ/ကသောင်းကနင်း/မရည်ရွယ်စွာ/ခွက်ထိုးခွက်လန်/မျှော်လင့်သလို/ဟာသဆန်ဆန် ဖြစ်/ပျက်နေတော့တယ်
ဒါပေမယ့်ထားခဲ့တယ် အဲ့ဒါတွေဟာမောင်ချောနွယ်ကဗျာတစ်ပုဒ်လောက် အရသာမရှိတာတွေလေ…
ပြောရရင်လူစော်နံတယ် သူ့မရဲ့နောက်ဆုံးအခွေသစ်က ကောင်းတော့ကောင်းပေမယ့်
ကောင်းပါတယ်လေ..အရင်လိုကတော့ အရင်အတိုင်းမဟုတ်တော့ဘူး ဆက်ပြီးပြောရရင်
ငါ/နင် မရှိတဲ့ ငါ့ကဗျာတွေဟာ… ဟာသဆန်ဆန်မျက်ရည်ကျရင်း ရယ်နေတယ်…
အဲ့ဒီလိုနဲ့ အဆုံးသတ်ဖို့ထားရင်း အဆုံးသတ်ခဲ့တယ် ဒါပေမယ့်
လူတစ်ယောက်မှာ ဆာလောင်ခြင်းကို ဖွဲ့နွဲ့ဖို့ စကားလုံးများစွာ ကျန်နေသေးတယ်
ဒါပေမယ့် တစ်လုံးတစ်လေမှ လူမြင်သူမြင် လူသိသူသိ မဖြစ်ခဲ့ဘူး…။…။
၂၅.၁၂.၂၀၁၁
မြေနံ့