Saturday, January 14, 2012

အပြုံး...

လူတွေက ငါတွေးထားသလို အပြုအမူတွေလုပ်တော့ ငါပျင်းရိစွာပြုံးတယ်...
လူတွေက ငါမမျှော်လင့်ထားတဲ့ အမူအရာတွေပြတော့ ငါဝမ်းနည်းစွာပြုံးတယ်...
လူတွေက ငါ့ဆန္ဒကို ခလုတ်တိုက်သဘောနဲ့ကြည့်တော့ ငါစိတ်ရူးပေါက်ပေါက်နဲ့ပြုံးတယ်...
လူတွေက ငါ့သဘောကို ရှိတယ်လို့တောင်မထင်တော့ ငါစိတ်ဓာတ်ကျကျနဲ့ပြုံးတယ်...
လူတွေက ငါ့မြိုချသံကို မထိတထိလှောင်တော့ ငါလူသတ်ချင်စိတ်နဲ့ပြုံးတယ်...
လူတွေက ငါ့အိပ်ပျက်မျက်တွင်းတွေကို သနားသလိုနှာခေါင်းရှုံတော့ ငါရှောင်ဖယ်ပြီးပြုံးတယ်...
လူတွေက ငါ့ပုပ်ပွဒဏ်ရာတွေကို မသတီစရာမြင်တော့ ငါသံဝေဂရသလို ပြုံးတယ်...
လူတွေက ငါ့အခန်းဖုန်မှုန့်တွေကို စိတ်မရှည်သလိုခေါင်းခါတော့ ငါစိတ္တဇလိုပြုံးတယ်...
လူတွေက ငါ့ပေါ့တီးပေါ့ဆမှု့တွေကို ရယ်သံနဲ့ချေဖျက်တော့ ငါအားနာစိတ်နဲ့ပြုံးတယ်...
လူတွေက ငါ့အခိုးအငွေ့တွေကို မသက်သာစွာဘေးတိုးတော့ ငါအပြစ်မလုံစိတ်နဲ့ပြုံးတယ်...
လူတွေက ငါ့ဖြည်းဆည်းမှု့တွေကို ရောဂါဆန်းလိုသတ်မှတ်တော့ ငါမသိချင်စွာပြုံးတယ်...
လူတွေက ငါ့ပျော်ရွှင်ချင်စိတ်တွေကို စကားလုံးတွေနဲ့ဖို့လိုက်တော့ ငါသတ်သေချင်စွာပြုံးတယ်...။...။

မြေနံ့
၁၄ .၁ .၂၀၁၂