ငါ အမှားတခု လုပ်ခဲ့မိတာထင်တယ်
ခေါင်းလောင်းသံတွေမမြည်တာ အတော်ကြာနေသလို
ကျောခိုင်းနေတဲ့ သစ်ပင်တွေသာ မြင်နေရတယ်
စမ်းချောင်းတွေဆီ သွားမယ်ဆိုတဲ့ လက်ကလေးတွေ
ငါ့ကို ဥပေက္ခာပြုခြင်းနဲ့မှ အဆင်ပြေမယ်လို့ တွေးမိတိုင်း
ငါ့စိတ်တွေကို ငါ့စိတ်တွေနဲ့ပဲ နာကျင်စွာ ဆုပ်ညှစ်မိတယ်
သတိရခြင်းတွေကို အိပ်မက်တွေထဲ အလုံပိတ်ပြီး ပြုံးဖြစ်အောင်နေရင်း
တစုံတယောက်ရဲ့ မျက်လုံးထဲက ကြယ်တွေ
တစုံတယောက်ရဲ့ စကားတွေထဲက ပျံသန်းနေတဲ့ ဌက်တွေ
တစုံတယောက်ရဲ့ မေ့လျော့ခြင်းထဲမှာ ငါ ဟာ တိမ်တွေကို ကိုက်ဖြတ်ရမှာပဲ
အရင်အတိုင်းဆိုတာ ပြန်ဖြစ်လာပါအုံးမလား
မိုးတွေအမြဲ ရွာနေတဲ့ အရပ်တွေ ဆီ သွားရမယ်
ငါ အရမ်း အတူရှိနေချင်ခဲ့သမျှက ငါ့မှာ လုံးချေခံရတဲ့ စက္ကူတွေပဲ
ဘဝကို တိတ်တိတ်လေးပဲ သွားစေချင်ခဲ့တာ
သွေးထွက်လွန်မှု့တွေကို ဒီမှာတင် ရပ်ပစ်ချင်ပြီ..
၂၅.၁.၂၀၁၅