Thursday, August 22, 2013

မသွားပါနဲ့ဆိုတာကော် နင့်သဘောပါဆိုတာကော်


ရယ်မောခြင်းဟာ အာရုံကြောများနဲ့ သက်ဆိုင်ပါသလား
အခုတလော ကြောက်ပြီးပျောက်နေမိသမျှက မျက်လုံးတွေ ကိုက်လို့
စကားမပြောရရင် ရင်ဘတ်တွေ နာလာတတ်သတဲ့
ရူးသွပ်မှု့ဆိုတာ ခရမ်းရောင်တွေက စခဲ့တာပဲ တကယ်ပါ
တနေကုန် တညလုံး အိပ်နေတာ အသေလိုပဲ
မတွေ့ရ မမြင်ရတဲ့ စိတ်ကို အဲ့လို ပဲ ထားလို့ရခဲ့တယ်
ပျော်နေမှာပါလို့တွေးမိတယ် အမှိုက်တခုလိုပါပဲလို့ တွေးမိတယ်
ဟုတ်တယ် အရာရာကို သတ်ထားလိုက်တယ်
ဘာကိုမှ ထပ် ပစ်ခွဲချင်စရာ မလိုတော့
ဘယ် ကဗျာကိုမှ ထပ်ဖတ်ရမှာ ကြောက်စရာ မလိုတော့
ဆေးတွေကို ရွေးလိုက်ပြီးပြီ သူတို့ဟာ သေတဲ့အချိန်အထိရှိနေပေးနိုင်သူတွေလေ
မစိုးရိမ်တော့ဘူး နေတတ်နေတဲ့လူတယောက်ကို
သေတတ်နေတဲ့လူတယောက်က မစိုးရိမ်ရဘူး … သိတယ်
အိပ်ချင်သွားပြီ
မျက်လုံးတွေကိုက်လာပြီ
မိုးတွေအရမ်းရွာလာပြန်ပြီ  … … … ။။  ။

မြေနံ့
၂၆.၇.၂၀၁၃