Wednesday, April 3, 2013

အံ့သြစရာပဲ ခင်ဗျားရဲ့ ပျက်ယွင်းမှု့တွေက သိပ်မြန်ဆန်လွန်းတဲ့ ရောဂါဆန်းတစ်ခုလိုပဲ

အံ့သြစရာပဲ ခင်ဗျားရဲ့ ပျက်ယွင်းမှု့တွေက သိပ်မြန်ဆန်လွန်းတဲ့ ရောဂါဆန်းတစ်ခုလိုပဲ
လူလူချင်း ဆာလောင်မှု့တွေများလာတာက ခင်ဗျားနဲ့မဆိုင်တဲ့ အကြောင်းတရားလို့ပဲထား
ခင်ဗျားနဲ့ဆိုင်ရမှာက ခင်ဗျားတံတွေးတွေ မပြတ်သွားဖို့
ခင်ဗျား နှုတ်ခမ်းတွေ ဒီထက်ပိုမသေလာဖို့
ခင်ဗျားမျက်လုံးအနားတစ်ဝက်မှာ အခုထက်ပိုမညိုလာဖို့ ပဲ
သူများတွေ ရယ်မောပျော်ရွှင်နေတာကိုလည်း ခင်ဗျားဆန့်ငင် ဆန့်ငင် သွားကြည့်ချင်မနေနဲ့
ခင်ဗျားကြည့်ရမှာက ဆေးတွေ အကုန်မြန်နေပေမယ့် ခင်ဗျားမသက်သာသေးတဲ့ကိစ္စ
ဆေးပုလင်းအခွံတွေ ကြည့်ရင်း အရင်လိုပြန်ဖြစ်ပါ့မလားဆိုတဲ့ ကိစ္စတွေပဲ
ခေါင်းမမာချင်စမ်းပါနဲ့ အခုက ခင်ဗျားတစ်ခုခုကို ငွေ့ငွေ့လေး ပြုံးပြဖို့ အားတောင်ရှိသေးရဲ့လား
အိပ်ပျော်အောင် အိပ်ဖို့ပဲစဉ်းစား ကျုပ်က ခင်ဗျားအခြေအနေအရ အရူးဆေးပေးမှဖြစ်တော့မယ်
ခင်ဗျားသွက်သွက်ခါအောင် ငို/ကြောက်ရတဲ့ ဟာသလေ...အရူးဆေး...အရူးဆေး...အရူးဆေး...
sorry sorry ကျုပ်နည်းနည်းလွန်သွားတယ် စိတ်မပူပါနဲ့
ကျုပ်ခင်ဗျားကိုတစ်ယောက်တည်း လမ်းလျှောက်နည်း သင်ပေးမယ်
ဘယ်သူ့မှဂရုမစိုက်တာတောင် ရှောင်/ပြေး/ပုန်း နေကျဖြစ်တဲ့
ခင်ဗျားစိတ်ကိုလည်း ကျုပ် ဖြေပေးချင်ပါတယ်
စိတ်ပူပန်/ဖိစီး/ညစ်ညူးနေတဲ့ ခင်ဗျားရုပ်ကိုလည်းပြင်ပေးမယ်
ပြီးတော့ တဖြည်းဖြည်းနဲ့ ခင်ဗျားစကားပြောတတ်အောင် ကျုပ်ခေါ်သွားမယ်
အဲ့ဒီတော့ ဦးဆုံးအနေနဲ့ ခင်ဗျားလုပ်ရမှာက မျက်လုံးတွေမှိတ် စိတ်တွေပိတ်ပြီး အိပ်ဖို့ပါပဲ
အိပ်လိုက်ပါတော့ကွယ်...
မြေနံ့
၃.၁.၁၃