Saturday, November 19, 2016

ကြယ်ကြွေအခန်း


ဒီရက်တွေမှာ ငါဟာအသက်ရှင်နေတာလား မသေချာဘူး 
တယောက်ယောက်ရှိမယ်ထင်ရတဲ့ အခန်းတံခါးတွေကို ရိုက်ဖျက်မိတယ်
သူနွေးထွေးလိုက်ချင်တဲ့ မျက်ရည်တွေဟာ အနီရောင်တွေဖြစ်ပြီး 
မခံနိုင်တဲ့အေးစက်မှု့တွေနဲ့ ဝဲပျံနေ
နံရံတွေနားကပ်ပြီးနားထောင်လိုက်တော့  
ဓာတ်ပုံမှန်ဘောင်အလွတ်ထဲကလူကိုကြားရ သူစိတ်တွေနေမကောင်းဘူး
သူ့စိတ်ဟာဘယ်လိုမှနေမရဘူး ရေချိုးခန်းထဲက နာကျင်သံတွေ 
ရေပိုက်ခေါင်းပိတ်လိုက်သလို မင်းတိုးတိတ်ခဲ့တဲ့ စွန်တွေ
ငါ့မျက်လုံးထဲ လာစိုက်နေတာ ချစ်တယ်လို့ အခေါက်ခေါက် အခါခါ 
ငါပြောခဲ့တဲ့ အသံသက်သက် လောင်နေတာတွေ
အလင်းတန်းတွေနောက်ပြေးလိုက်တယ် 
မီးတွေပိတ်ပြီး မင်းကိုအမှောင်ချတယ် 
ငါပြောချင်နေခဲ့တာတွေ မင်းဆီမရောက်တာသိလား
မင်းဟာ ငါ့ဘက်မှာ စိမ်းလန်းလို့မရတဲ့  အိမ်ပြန်ချိန်လား 
နောက်ထပ် ကမ္ဘာတခုထပ်ရောက်လာပြီး ငါ့ကိုအလွတ်ကြီးထားခဲ့တာ
သွေးဆာနေတဲ့နှုတ်ခမ်းတွေနဲ့ ညီမလေးဟာ 
မလုံလောက်တော့တဲ့ စိတ္တဇနဲ့ ပင်လယ်ဆီ ပျံ/ပြန်သွား 
ညကိုသိပ်ဖို့ ဆေးလုံးတွေ
ဘဝအဆက်ဆက်ထဲ ပျော်ဝင်နေတာ မင်းထားခဲ့တဲ့ စိတ်ကျရှိုက်သံတွေ 
ငါမှာမနက်တွေမရှိတော့ဘူး တပွက်ပွက်ဆူနေတဲ့ပုံပြင်တွေ
အချိန်မစေ့သေးတဲ့ မိုးတွေဖြတ်ပြေးနေတဲ့ အရိပ်တွေထဲ 
မင်းကြောင့် ငါဟာ ဒီကဗျာထဲက မထွက်တော့ဘူး..။

မြေနံ့
1Nov2016

ဒီလိုပဲ အဆင်ပြေသလို။


ရှုပ်ထွေးလွန်းနေပြီး တခုခုရှိနေရင်တောင် မမြင်နိုင်တော့တာ။ ဖြစ်ပျက်နေတာတွေက ဟိုးအရင်အချိန်တုန်းကဆော့ခဲ့ဖူးတဲ့ ဂိမ်းတစ်ခုလိုပဲ။အားလုံးဆီကနေပြေးထွက်ဖို့ အဖြေကရှိပြီးသား။ ဒါပေမယ့် သနားကြင်နာသလိုနဲ့ချပြထားတဲ့မျက်လုံးတွေကို ကျော်ကြည့်ဖို့တော့လိုနေတယ်။ဘယ်မိုးမှမရွာပဲ ဗလာချည်းသက်သက်တိမ်တွေမှောင်နေကြ။ ခြေရာတွေ ဝါကျင် နာကျင်နေ။လိပ်ပြာလေးကို သော့ခတ်သိမ်းထားတယ်။သူ့သွားလေးတွေက အိပ်မက်ထဲ ပြန်မလာတော့မယ့်အကြောင်း။ မင်းကိုသတိရရင် ပန်းပွင့်လေးတွေ ခွဲနေလိုက်တယ်။အမြင့်ကြီးကနေ လက်သည်းခွံလေးတွေ ပျက်ကျလာ။လူတွေကြားမှာ ခေါင်းတွေအရမ်းကိုက်လာပြီး။ သူမရဲ့ ရင်သားတွေက အစိမ်းရောင်။ကိုယ့်ကို လာ ဖက်ထားပါလား။refresh တွေ အဓိပ္ပါယ်မဲ့ပဲ။ အဓိပ္ပါယ်မဲ့ပဲ ငေးနေတာ။ ငေးနေတာတွေ တဖြောက်ဖြောက်ကျနေဆဲ။အခုထိ။တချို့အပြုံးတွေဟာ သစ်ပင်တွေလို။ စိတ္တဆန်လွန်းလို့ ခင်ဗျားငိုမိမလားပဲ။ သူ့ကိုချစ်ခဲ့ခြင်းမှာ အရာရာဟာ တခုတည်း။ရေခဲပြင်ပေါ်က အပြာရောင် အလင်းတန်းတွေလို။ တောင်ပံတွေဟာ ဘယ်မှမရောက်တော့။ နာရီမှာ စကား မကျန်ဘူး။

မြေနံ့
၂၆.၁၀.၂၀၁၆

Saturday, November 5, 2016

အပြန်လမ်း


ပျင်းစရာဟာ နေရာတိုင်းမှာ ကောင်းတာပဲ
မျက်နှာချင်းဆိုင်က လူတယောက်ရဲ့ မျက်ကွင်းတွေကြောင့်
အစွယ်တပ်ပြီး သွေးစုပ်ဖုတ်ကောင် နေရာထားကြည့်မိတယ်
ဘယ်ကိုမှ မရောက် တစ်နေရာထဲ ခေါက်တုံခေါက်ပြန် လျှောက်နေတဲ့
စကားတွေ တစ်ယောက်ထဲပြောရင်း လောကကိုမေ့နေတဲ့ Psychopath
ကျောက်ရုပ်လို မလှုပ်မယှက်ပေမယ့် နိုးနိုးကြားကြား ပဲ
ဘေးကလူဟာ အချိန်မရွေးသွေးရူးသွေးတမ်း ထပြေးနိုင်တယ်ဆိုတဲ့ သွေးပူမှု့မျိုး
ဘယ်သူမှ မရှိနေကြ နေရာမှာ လူတစ်ယောက်က အခိုးအငွေ့တွေနဲ့ ထိုင်နေတာ
ဘယ်ကားကိုမှ ဂရုမစိုက်ပဲ သူ့အားငယ်စိတ်နဲ့သူ
လမ်းလယ်ခေါင် မှာ ခေါင်းငိုက်စိုက်နေတဲ့အကြည့်တွေ
တခါတလေ လူတွေဟာ သိပ်ကို ကာတွန်းဆန်တာ နှာခေါင်းတွေ မျက်လုံးတွေပေါ့
ပြီးတော့ စက်ရုပ် ဒီဇိုင်း အဲ့က တစ်ဆင့် ဂြိုဟ်သားလို
ခွေးကျောင်းနေတဲ့ အဘွားအိုအတွက်
သတင်းစာဟောင်းတွေက အကောင်းဆုံးအဖော်အဖြစ် ပြုံးလို့
မနေ့ညက အိပ်မက်ထဲ လမ်းလျှောက်နေတုန်း
ငါ့ဖိနပ်ဟာ ကြိုးလျော့သွားတယ် ငါ ပြန်ချည်လို့လည်းမရ
ငါဘယ်လိုကြိုးစား ကြိုးစား အဲ့ဖိနပ်ဟာ ငါ့ဆီကနေ ထွက်ကိုသွားမှာဆိုတဲ့ပုံစံမျိုးနဲ့
အဲ့ဒါနဲ့ ဒီနေ့ ငါမြင်သမျှခြေထောက်တွေကို လိုက်ငမ်းဖြစ်တာပေါ့
မော်ဒန်စိမ်းရောင် ပြိုင်ဘီးလေးနဲ့ ကောင်လေးက ကြက်တောင်ရိုက်ကွင်းထဲ
အငေးဆုံးနဲ့ချစ်ဖို့အကောင်းဆုံးလူသတ်သမားလိုနံရံတွေဆီပြေးဝင်လာ
ကလေးမလေးက ထီးအကြီးကြီးတခုနဲ့ဆို သူလုံခြုံသွားပြီ ထင်နေမလား
ဘာတွေမှ မတွေ့ဘဲ အိမ်ရောက်ချင်လှပြီ...။

မြေနံ့
၁၉/၁၀/၂၀၁၆