Thursday, March 24, 2016

အစိမ်းရောင်


ကိုယ့်ကိုကိုယ်နေမကောင်းဘူးလို့ထင်နေမိချိန်တွေမှာ
သူဖတ်သမျှကဗျာတွေဟာဝမ်းနည်းစရာကောင်းလို့
မျက်ရည်တွေအများကြီးကျရင်
အိမ်ကိုပိုသတိရစေနိုင်တဲ့ ရာသီတွေထဲ
ကလေးလေး သူ့ကိုထားသွားတဲ့ အိပ်မက်တွေ
ရောင်စုံခဲတံတွေ တောထဲက အိမ်သေးသေးလေး
စိတ်မလုံခြုံမှု့တွေနဲ့
အနောက်ကိုပဲ ပြန်ကြည့်မိနေတုန်း
သိပ်ချစ်သမျှက သစ်ပင်လိုတိတ်ဆိတ်မှု့နဲ့
သူအလိုရှိတဲ့ အကွာအဝေးကနေပဲ
မိုးတွေတိတ်သွားရင်တော့
ကလေးလေး ငါ့ဆီ ပြန်လာမှာပါ …

မြေနံ့

သတိရခြင်း


မျက်ရည်တွေနဲ့မြက်ခင်းစိမ်းတွေ
သူမရဲ့ အငွေ့ပျံ/ပြန် နှုန်းဟာ ဘယ်လို ဘယ်လောက်
အနောက်ဘက်ကို ငေးလိုက်ရင် ပင်လယ်
ဥပမာ အိပ်မက်ထဲက ငါ့ကဗျာတွေကိုမြင်ရင်
ငါနာကျင်နေတယ်လို့ သူတွေဝေပြန်မှာ စိုးသလိုမျိုး
ကိုယ်ဟာတိမ်တွေလိုပဲ လွင့်တော့မလို့နဲ့
ကိုယ်နေလို့မကောင်းဘူး အချစ်ရယ် ဆိုတာမျိုး
ဘာမှမရှိတော့တာ ဘယ်တော့မှမရှိတော့တာ
ဟိုး အဝေးကြီးမှာ ယားယံခြင်းတွေ ဘယ်ကလာ
အရာရာဟာ ငါ့ကို ဆွဲချုံ့လိုက်ဖို့ကြိုးစားနေတာ
သူ naked နဲ့ အော်လိုက်တော့မှာ
ကိုယ့်ဆီမှာ သေမလို အကန့်အသတ်တွေ ခံစားရ
စောက်ဂရုမစိုက်သလိုမျိုး ရယ်သံ ဖန်တီးပြီး
ပြန်လျော့ချ ပွဲတော် သီချင်းက အိမ်ပြန်ခေါ်သွား
ငါ့ဘက်မှာ အလွမ်းက ကမ္ဘာတွေဖျက်နေ
ဒါပေမယ့် ကလေးရယ် နောက်ဆုံးတော့
goodnight စောစောအိပ် ဆိုတာပဲ
အဆင်ပြေပါတယ်ကွယ်  ...


မြေနံ့
၁၀.၀၂.၂၀၁၆