စိုးရိမ်ရေမှတ်ရောက်နေတဲ့ နာကျင်မှု့တွေနဲ့ ငါ ဟာ ရင်နှီးနေတယ်
စကားပြောနေရင်နဲ့ အသံတွေ တဖြည်းဖြည်းတုန်လာရတဲ့အဖြစ်
ဒေါသတွေထဲမှာ မျက်ရည်တွေပါ ကျနေရတဲ့ သီချင်းတစ်ပုဒ် ငါ ဖြစ်သွားတယ်
စိတ်ဂယောက်ခြောက်ခြားဖြစ်စဉ်တွေအတွက် ပါးစပ်တွေကို လုံးဝဖုံးပိတ်ထားရတယ်
သိပ်လွန်းနေပုံရတဲ့ ငါ့ နှုတ်ခမ်းေတွေက ပုံပျက် ထိန်းဖို့ခက်နေပြီလေ
"နင်ကသိပ်ကိုငေးလို့ကောင်းတာပဲ"
တကယ်တော့ ကာယကံရှင်ကိုယ်တိုင်တောင် မသိတဲ့ ဖြစ်စဉ်တွေ
ဘယ်သူကမှ ဘာမှမဖြစ်ခဲ့ကြမှာ သေချာတယ်
ကြယ်ပုံတွေပဲ ထိုင်ဆွဲနေမိတယ်
ငါက ခံစားလွယ် မျက်ရည်လွယ်လွန်းပါတယ်လို့ တောင်းပန်ခယရင်းနဲ့ပဲ
ငါဟာ ခဏခဏ အပစ်ချခံနေရတယ် ငါ့စိတ်ဟာသေပေးရတယ်
"ခေါင်းတွေကိုက်နေလို့ နင့်ကိုမခေါ်တော့ဘူး"
လာမှာမဟုတ်တဲ့ လူတစ်ယောက်ကို မျှော်လင့်နေခြင်းကို စောင့်စားခြင်းလို့ခေါ်လို့ရမလား
"ဘယ်လိုပဲဖြစ်ဖြစ် နင်ပျော်နေတာသိရလို့ ဝမ်းသာပါတယ်"
ငါ က သိပ်ဟန်ဆောင်ကောင်းပါတယ ဒါပေမယ့် နင်ကတော့ သိချင်သိနေမှာပါ
လူတွေရဲ့စိတ်ဖိစီးမှု့ကို ဖြေဖျောက်တဲ့ နည်းလမ်းတွေက
စိတ်ဝင်စားဖွယ် သနားစရာ ရယ်စရာ ကောင်းလာခဲ့ပါတယ်
စိတ်သွားတိုင်းကိုယ်မပါတာထက် ကိုယ်သွားတိုင်း စိတ်မပါတော့တာပါပဲ
"ခံနိုင်ရည်ရှိပြီးသား ဒဏ်ရာတွေပါ ငါ့ကိုလုံးဝထုတ်လိုက်လို့ရပါတယ်"
"ငါသေသွားပြီလို့သာ သဘောထားပေါ့"
ခုတလော စကားလုံးတွေအရတော့ သေချာပါတယ်
ငါ ဟာ စိတ်မကောင်းဖြစ်နေတယ်
မြေနံ့
၂၄.၄.၂၀၁၃