Friday, October 4, 2013

စိတ်ဟာသေနေတယ်


စိုးရိမ်ရေမှတ်ရောက်နေတဲ့ နာကျင်မှု့တွေနဲ့ ငါ ဟာ ရင်နှီးနေတယ်
စကားပြောနေရင်နဲ့ အသံတွေ တဖြည်းဖြည်းတုန်လာရတဲ့အဖြစ်
ဒေါသတွေထဲမှာ မျက်ရည်တွေပါ ကျနေရတဲ့ သီချင်းတစ်ပုဒ် ငါ ဖြစ်သွားတယ်
စိတ်ဂယောက်ခြောက်ခြားဖြစ်စဉ်တွေအတွက် ပါးစပ်တွေကို လုံးဝဖုံးပိတ်ထားရတယ်
သိပ်လွန်းနေပုံရတဲ့ ငါ့ နှုတ်ခမ်းေတွေက ပုံပျက် ထိန်းဖို့ခက်နေပြီလေ
"နင်ကသိပ်ကိုငေးလို့ကောင်းတာပဲ"
တကယ်တော့ ကာယကံရှင်ကိုယ်တိုင်တောင် မသိတဲ့ ဖြစ်စဉ်တွေ
ဘယ်သူကမှ ဘာမှမဖြစ်ခဲ့ကြမှာ သေချာတယ်
ကြယ်ပုံတွေပဲ ထိုင်ဆွဲနေမိတယ်
ငါက ခံစားလွယ် မျက်ရည်လွယ်လွန်းပါတယ်လို့ တောင်းပန်ခယရင်းနဲ့ပဲ
ငါဟာ ခဏခဏ အပစ်ချခံနေရတယ် ငါ့စိတ်ဟာသေပေးရတယ်
"ခေါင်းတွေကိုက်နေလို့ နင့်ကိုမခေါ်တော့ဘူး"
လာမှာမဟုတ်တဲ့ လူတစ်ယောက်ကို မျှော်လင့်နေခြင်းကို စောင့်စားခြင်းလို့ခေါ်လို့ရမလား
"ဘယ်လိုပဲဖြစ်ဖြစ် နင်ပျော်နေတာသိရလို့ ဝမ်းသာပါတယ်"
ငါ က သိပ်ဟန်ဆောင်ကောင်းပါတယ ဒါပေမယ့် နင်ကတော့ သိချင်သိနေမှာပါ
လူတွေရဲ့စိတ်ဖိစီးမှု့ကို ဖြေဖျောက်တဲ့ နည်းလမ်းတွေက
စိတ်ဝင်စားဖွယ် သနားစရာ ရယ်စရာ ကောင်းလာခဲ့ပါတယ်
စိတ်သွားတိုင်းကိုယ်မပါတာထက် ကိုယ်သွားတိုင်း စိတ်မပါတော့တာပါပဲ
"ခံနိုင်ရည်ရှိပြီးသား ဒဏ်ရာတွေပါ ငါ့ကိုလုံးဝထုတ်လိုက်လို့ရပါတယ်"
"ငါသေသွားပြီလို့သာ သဘောထားပေါ့"
ခုတလော စကားလုံးတွေအရတော့ သေချာပါတယ်
ငါ ဟာ စိတ်မကောင်းဖြစ်နေတယ်

မြေနံ့
၂၄.၄.၂၀၁၃




ညနက်တွေထဲ ပျက်ထွက်နေတဲ့ သတိရခြင်းတွေ



မိုးကြိုးပစ်သံတွေ ကျယ်လောင်လွန်းနေတယ်
ကော်ဖီတွေ အကြောင်းပြောချင်နေတယ်
ဆေးသောက်ပြီးမှ အိပ်ပါပေါ့
သူစောင့်နေမှာလားဆိုတဲ့ အတွေးတွေက
 ေ-ာက်ပိုတွေဖြစ်ကုန်ပြီလို့ မီးရှို့ပစ်လိုက်ပါတော့ပေါ့
မေတ္တာတရားက ကပ်ပါးကောင် ဘဝရောက်နေတာတောင် မသေနိုင်တော့
တခုခုဖြစ်လာခဲ့ရင် မချိပြုံးတွေပဲပြုံးနေရသူက ငါ ပဲ ပေါ့
စိတ်ကျခြင်းက ကြယ်တွေ
အမှောင်တွေထဲထိုင်ရင်း ဝမ်းနည်းစရာကောင်းတဲ့ သီချင်းတွေ အကြောင်းတွေးနေမိတယ်
နင်ငါ့ကိုမမြင်နိုင်တော့တဲ့အခါ ငါနင့်ကိုအကြာကြီးကြည့်နေမှာ
ဘယ်တော့မှ မငိုတော့ဘူးဆို… ရယ်နေရင်းနဲ့ မျက်ရည်ကျလိမ့်မယ်
ဘာဖြစ်ဖြစ် ဘာမှမဖြစ်တော့ပါဘူးလို့ ထွက်သွားခါနီး မဖြစ်မနေပြောခဲ့မယ်
ရင်ထဲမှာ မွန်းကျပ်နာကျင်လွန်းနေတယ်
ကလေးလေးတုန်းကလို ရင်ဘတ်ပေါ်မှာ တစ်ယောက်ယောက်ရဲ့ 
လက်ကလေးရှိမှ စိတ်ချလက်ချ အိပ်ပျော်နိုင်တော့မယ်ထင်တယ်
ဒီညဟာ စိတ်မှန်ပုံမရဘူး…။…။

မြေနံ့
၃.၁၀.၂၀၁၃